
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ကလေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဇန်နဝါရီလ ၁၃ရက် နေ့က မြို့ထဲသို့ ကင်းထောက်ထွက်နေချိန် ကလေး မြို့ပြ ပြောက်ကျား(UG Kalay)အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် အရပ်ဝတ်ဖြင့် ကလေးတက္ကသိုလ် ပရဝုဏ်တွင်းမှ ထွက်လာပြီးမြို့တွင်းသို့ ကင်းထောက်ရန်အသွား ကလေးတက္ကသိုလ်နှင့် မလှမ်းမကမ်းတွင် မြို့ပြပြောက်ကျားအဖွဲ့ (Kalay UG) က ဖမ်းဆီးရမိခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ထံက သိရသည်။
“သတင်းအတိအကျရထားလို့ သွားဖမ်း လိုက်တာပါ။ဖမ်းမိတုန်းကတော့ နှစ်ယောက်လုံးဆေးသုံးထားပုံရတယ်။ ငယ်လည်းငယ်တယ်။ အသက် ၂၀ ဝန်းကျင်လောက်ပဲရှိဦးမယ်။ ရိုးရိုးရဲတပ်သားတွေပါ ” ဟုမြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ၄င်းတို့ အထက်အရာရှိထံသို့ အလင်းဝင်ပြီးဖြစ်ကြောင်း အကြောင်းကြား ဆက်သွယ်ထားသည့် ဖုန်းအသံဖိုင်တစ်ခုလည်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို သက်ဆိုင်ရာ စစ်ဒေသထံသို့ အပ်နှံထားပြီး နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ၂၀၂၁ အစောပိုင်း ကတည်းက ကလေးတက္ကသိုလ်တွင် တပ်စွဲထားပြီး ကလေးမြို့နှင့် ချင်းပြည်နယ်ဖက်သို့ လက်နက်ကြီးများဖြင့်မကြာခဏပစ်ခတ်လျက်ရှိကာ လတ်တလော ဖြစ်ပွါးနေသော ချင်းတောင်သိုင်းငင်းရွာတိုက်ပွဲတွင်လည်း
အဆိုပါ ကျောင်းပရဝုဏ်အတွင်းမှ လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။
#ကလေးတက္ကသိုလ် #ရဲတပ်သား #စစ်ကောင်စီ
#အလင်းဝင် #Ayeyarwaddy_Times