ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ဧရာဝတီတိုင်းအတွင်းရှိ လမ်းဘေးအိမ်များအား ခြံစည်းရိုးမခတ်လျှင် အိမ် ဖျက်ရမည့်အပြင် ဒဏ်ငွေပါဆောင်ရမည့်ဟုဆိုကာ စစ်ကောင်စီအဖွဲ့မှ ခြံစည်းရိုးများ ခတ်ခိုင်နေကြောင်း မြောင်းမြမြို့နယ် ဒေသခံများထံမှသိရသည်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာများနှင့် လမ်းဘေးရှိအိမ်များအား ဇန်နဝါရီ လမှစကာ ခြံစည်းရိုးများခတ်ခိုင်နေပြီး ခြံစည်းရိုးမခတ်ပါက နေအိမ်ပါဖျက်ရမည်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးများမှ ဒေသခံများအားပြောဆိုကာ ခြံစည်းရိုးများခတ်ခိုင်းကာ ထုံးသုတ်ခိုင်းနေကြောင်းဒေသခံများထံမှသိရသည်။

“အုပ်ချုပ်ရေးမှူး ကရွာမှာ တစ်အိမ်တစ်ယောက်တက်ရမယ်ဆိုပြီး အစည်းဝေးလုပ်တယ် ။ ပြီးတော့ ကားလမ်းဘေးကအိမ်တွေ မဖျက်ချင်ရင် ခြံစည်းရိုးခတ်ရမယ် ။ ရွာထဲကအိမ်တွေလည်း ခတ်ရမယ်။ ပြီးတော့ ထုံးသုတ်ထားရမယ် မလုပ်ရင်ဒဏ်ငွေ တိုးပြီးရိုက်မယ်။ အိမ်ပါဖျက်ရမယ်ဆိုပြီး ပြောတယ် လမ်းဘေးကအိမ်တွေကများတော့ သူတို့ပြောတဲ့အတိုင်းခြံစည်းရိုးတွေလုပ်ကြရတယ်။ အရင်ကလည်းနေလာတာ ဘာမှမလိုဘူး။ အခုမှ ထလုပ်တာ ဘာရည်ရွယ်ချက်မှန်းကိုမသိဘူး “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ နေအိမ်များအား ခြံစည်းရိုးများ အတင်းကြပ်ခတ်ခိုင်းခြင်းကြောင့် လက်လုပ်လက်စားသမားများအနေနှင့် အလုပ်ကိုင်ခက်ခဲနေချိန်တွင် ခြံစည်းရိုးမဖြစ်မနေခတ်ရမည်ဆိုသောကြောင့် အခက်ခဲများရှိနေကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ဖြစ်ချင်တာပဲသိတာ လူတွေဘယ်လိုရုန်းကန်နေရတယ်ဆိုတာ နားမလည်းဘူး ။ မိသားစုအကုန်ထွက်ရှာရင်တောင် ထမင်းနပ်မှန်ရုံလောက်ပဲရှိတာ ။ အခုခြံခတ်ဖို့ ဝါးတစ်စည်းကို တစ်သောင်းဖြစ်နေပြီ။ ဒါကလည်းသေချာရက်ကြည့် နှစ်ချပ်ပဲရတယ်။ အိမ်ရှေ့ဆိုပေမဲ့ အနည်းဆုံး သုံးချပ်ကနေ လေးချပ်အထိကုန်တယ် ။ အမိန့်တွေအမျိုးမျိုးထုတ်ပြီး လူထုကိုအခက်တွေ့အောင်လုပ်နေတာသိသာပါတယ် “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းရှိ လူထုအပေါ် အမိန့်အမျိုးမျိုးထုတ်လုပ်ဆောင်ခိုင်းနေပြီး မလုပ်လျှင် ဒဏ်ရိုက်ခြင်းနှင့် ခံဝန်ထိုးခိုင်းခြင်းများပါ ဆောင်ရွက်နေကြောင်း သိရသည်။

#ဧရာဝတီတိုင်း #လမ်းဘေးအိမ်များ #ခြံစည်းရိုးခတ်ခိုင်း #မြောင်းမြ #Ayeyarwaddy_Times