ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

စစ်ရှုံးနေသည့် စစ်ကောင်စီက မြောက်ပိုင်း ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင်တပ်တော် (AA) သုံးဖွဲ့သည့် ဘာသာရေးအရ အကြမ်းဖက်များပြုလုပ်နေကြောင်း ၎င်းတို့လက်ဝေခံသတင်းမီဒီယာများတွင် ဖော်ပြနေပြီး “၁၀၂၇ စစ်ဆင်ရေး” အတွင်း သာသနာ့အဆောက်အအုံများ ပျက်စီးမှုအပေါ်ကိုလည်း ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲများကို တနိုင်ငံလုံးတွင် ပြုလုပ်၍ ဘာသာရေးအကြောင်းပြ ဆူပှုများဖြစ်ပေါ်လာအောင် ဖန်တီးလျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာသည့် ရုပ်သံဖိုင်တစ်ခုတွင် MNDAA ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ဦးမှ စေတီတစ်ဆူကို ဖျက်ဆီးနေသည်ကို တွေ့ရပြီး ထိုရုပ်သံကိုအကြောင်းပြု၍ အကြမ်းဖက်စစ်ကောင်စီက ဘာသာရေးပဋိပက္ခဖြစ်ပေါ်စေရန် လှုံဆော်နေခြင်းဖြစ်သည်။

အဆိုပါစေတီမှာ စစ်ကောင်စီက ပွိုင့် ၂၂၀၂(ဆင်ဦးကင်းတောင်) ဟု ခေါ်ဆိုသည့်တောင်တွင်စေတီတည်ထားခြင်းဖြစ်ပြီး ယခင်က အဆိုပါ စေတီနေရာတွင် ကိုးကန့်ရိုးရာနတ်ကွန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲအပြီးတွင် စစ်တပ်က နတ်ကွန်းကိုဖျက်ဆီး၍ စေတီတည်ခဲ့သည်။

ထို့ကြောင့် ကိုးကန့်တပ်သားတစ်ဦးမှ စေတီကိုဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဇန်နဝါရီ ၁၅ ရက်နေ့က ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသည့် ကိုဦး၏ “ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့်ရိုးရာနတ်ကွန်း နောက်ကွယ်” ဆောင်းပါးတွင် ပါရှိသည်။

“ဒါက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက် သိမ်းပိုက်မှုတွေမှာ စစ်တပ်ထဲကသူတွေကို စိတ်ပိုင်းဆိုင်ရာ အာရုံလွဲအောင် ဝေဝါးသွားအောင်ဆိုပြီးလုပ်တာ။ ဒီလိုမျိုး MNDAAက စစ်တိုက်တာက ဗုဒ္ဓဘာသာကို ဖျက်ဆီးချင်လို့ တိုက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ စေတီတော်ကိုဖျက်ဆီးတာဟာ ဗုဒ္ဓဘာသာကိုဖျက်ဆီးတယ်ဆိုတဲ့ အာရုံလွှဲနည်းတမျိုးဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်းပဲ စစ်စည်းကမ်းအရ ဘာသာရေး အဆောက် အအုံတွေကိုမပစ်ရဆိုတဲ့နေရာမှာ ကြောက်ပြီးတော့မှ စစ်တပ်စခန်းချရာတယ်။ ဘုရားပုထိုးစေတီတည်ပြီးတော့ ဘာသာရေးကို အကာအကွယ်ယူတာ တိုင်းပြည်ကိုမတရားလု ရွာမီးရှို့နေတဲ့ စစ်တပ်က ဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်နေတာပဲ” ဟု နွေဦးတော်လှန်ရေးသံဃာကွန်ရက်မှ ဆရာတော်ဦးဝါယမ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ရာတွင် အသုံးချနေသည့် ရုပ်သံနှင့်ပတ်သက်၍ MNDAA က အဆိုပါလုပ်ရပ်သည် တပ်ဖွဲ့မှအမိန့်ပေးခြင်းမဟုတ်ပဲ ပုဂ္ဂိုလ်ရေးအရလုပ်ရပ်သာဖြစ်ကြောင်း၊ အဖွဲ့အနေဖြင့် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးရန်အမိန့်ပေးခြင်းမရှိကြောင်း၊ ၎င်းဖြစ်ရပ်အတွက် သက်ဆိုင်ရာဌာနမှတဆင့် တရားခံကိုအရေးယူရန် ညွှန်ကြားထားပြီး MNDAA အဖွဲ့အနေဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို အလေးထားကြောင်းကိုလည်း ဇန်နဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်ထားသည်။

၎င်းရုပ်သံကို အခြေခံ၍ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် နေထိုင်သည့် MNDAA အဖွဲ့ဝင်သည် နိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာအနှံ့မှ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ဘုရားစေတီကို ဖျက်ဆီးခဲ့သည့်အတွက် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်းလည်း စွပ်စွဲပြောဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မူဆယ်မြို့ရှိ ရပ်တော်မူဘုရား၊ ဘုန်းကြီးကျောင်းကို MNDAA၊ TNLA၊ AA အဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီး ဘာသာတရားအပေါ် အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုထားသည်။

“ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဆန္ဒပြတယ်ဆိုတာလည်းပဲ ငါးထောင်စားပေါ့။ ခုခေတ်ဆိုရင်တော့ နှစ်သောင်းစားဖြစ်မလား၊ တသောင်းခွဲစားဖြစ်မလား မသိဘူးပေါ့နော်။ ဒီလိုတွေလုပ်တိုင်းမှာ သူတို့က ဒါတွေကို လက်မခံနိုင်ပါဘူးဆိုပြီး ထဆန္ဒပြတာလည်း သူတို့ခိုင်းတဲ့ လူတစုကလည်းရှိမှာပါ။ ဗုဒ္ဓဘာသာ အများစုကတော့ ဘာသာရေးမှိုင်းတိုက်တာကို ဘယ်သူမှ စိတ်မဝင်စားတော့ပါဘူး။ သူတို့ဘယ်လောက်ပဲ အာရုံလွှဲလွှဲ တိုင်းသူပြည်သားအများစုကလည်း အသိပညာမနည်းကြတော့ဘူး။ ဒါကြောင့် သူတို့ရဲ့ အာရုံလွှဲမှုက ခရီးမတွင်တော့ဘူး၊ အရာမထင်တော့ဘူးလို့ ဦးဇင်းအနေနဲ့ပြောချင်ပါတယ်” ဟု ဆရာတော်ဦးဝါယမက ဆက်လက်မိန့်ကြားသည်။

စစ်‌တပ်ထောက်ခံသူများနှင့် ဘာသာရေးအစွန်းရောက် ဘုန်းကြီးများက စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘုရား၊စေတီများကို ဖျက်ဆီးစော်ကားနေသူများကို ကန့်ကွက်သည်ဆိုကာ ဘာသာရေးအရသွေးထိုးလှုံ့ဆော်သည့် ဆန္ဒပြပွဲများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စသည့်မြို့ကြီးများနှင့် မြန်မာနိုင်ငံအနှံ့တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ဘာသာရေးပဋိပက္ခဖြစ်ပေါ်စေရန် ဖန်တီးနေသော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံများ၊ အစ္စလာမ်ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါးဖျက်ဆီးခံခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – လှုမှုကွန်ရက်
#စစ်ကောင်စီ #MNDAA #ဘာသာရေးအသုံးချ #နိုင်ငံအနှံ့တွင် #ကန့်ကွက်ဆန္ဒပြပွဲများပြုလုပ် #ဘာသာရေးပဋိပက္ခ #ဆန္ဒပြ #မဘသဘုန်းကြီး #Ayeyarwaddy_Times