
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ရေစိုးချောင်းဗျူဟာစခန်းမှ စခန်းစွန့်ခွာထွက်ပြေးလာသည့် ဗျူဟာမှူးအပါအဝင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်းသိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၄ရက် ညပိုင်းတွင် စစ်ကောင်စီ၏ ရေစိုးချောင်းဗျူဟာ စစ်စခန်းမှ စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရသေ့တောင်ရှိ မညှင်းတောင် စစ်စခန်းသို့သွားရောက်ပူးပေါင်းမည် ဖြစ်၍ AA က လမ်းဖွင့်ပေးပြီး ၎င်းတို့ကို မတိုက်ရန်တောင်းဆိုခဲ့ကြောင်းသိရသည်။
“ရေစိုးချောင်းဗျူဟာက ကြိုတင်ခွင့်မတောင်းပဲ ကုန်းပေါ်ကဆင်းလာပြီး တခြားတပ်မှာ သွားပူးပေါင်းဖို့တောင်းဆိုတာ။ သူတို့ကိုပြောပြီးသား အသက်မသေချင်လို့ စခန်းကို စွန့်မယ်ဆိုကြိုပြော လမ်းရှင်းပေးမှာ။ အခုက ဒီတိုင်းကြီးဆင်းချလာပြီး လမ်းရှင်းပေးခိုင်းတာတော့မဖြစ်နိုင်ဘူး” ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များအနေနှင့် စခန်းစွန့်ခွာ၍ သွားလိုရာသွားချင်ပါက ကြိုတင်ခွင့်တောင်းရန်လိုကြောင်း AA ကထုတ်ပြန်ထားပြီး ယခုကဲ့သို့ ခွင့်တောင်းခြင်းမရှိဘဲ လက်နက်များသယ်ဆောင်၍ စခန်းစွန့်ခွာလာပြီး သွားချင်သည့်နေရာအတွက် လမ်းရှင်းပေးရန် မဖြစ်နိုင်သည့်အတွက် AA က လမ်းရှင်းပေးရန် ခွင့်မပြုဘဲ ပိတ်ဆို့ခဲ့ကြောင်းသိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ရေစိုးချောင်ဗျူဟာစခန်း အပါအဝင် အမျက်တောင်စခန်းနှင့် စေတီပြင်စခန်းတို့မှစစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့က စခန်း စွန့်ခွာထွက်ပြေးလာကြပြီး စေတီပြင်စစ်စခန်းတစ်ခုသာ စွန့်ခွာဖို့ခွင့်ပြုချက်တောင်းသည့် အတွက် AA ကသွားခွင့်ပြုပြီး လမ်းရှင်းပေးခဲ့ကြောင်းသိရသည်။
ကျန်သည့်စစ်စခန်း နှစ်ခုမှခွင့်ပြုချက် တောင်းခံခြင်းမရှိသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို AA ကဝိုင်းဝန်း ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က AA ၏ ပိတ်ဆို့ထားမှုအပေါ် လမ်းမရှင်းပေးပါက အနီးအနားရှိ ရွာများကို တိုက်ခိုက်ရှင်းလင်းမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ဝိုင်းဝန်းပိတ်ဆို့ခံ ထားရသည့် အတွက် ၎င်းတပ်ဖွဲ့မှ ဗျူဟာမှူးနှင့် AA တပ်ဖွဲ့တို့ညှိနှိုင်းမှုများပြုလုပ်ခဲ့အပြီး ယခုကဲ့သို့ လက်နက်ချအညံ့ခံလာကြောင်းသိရသည်။
“ မသေ၊ မနာချင်ရင် စောစောစီးစီးအလံဖြူထောင်။ ထွက်ပြေးချင်တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ ခြံစည်းရိုးသုံးထပ်လုံးပေါက် ကတုတ်ကျင်းပေါ်တည့်တည့် ခေါင်းပေါ် ပြောင်းတည့်မှ လမ်းဖွင့်ပေးပါတော့မလုပ်နဲ့။ အဲ့ဒါကိုအရှင်ဖမ်းမိတယ်လို့ သတ်မှတ်တယ်” ဟု AAစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။
ပုံစာ-ကျောက်တော်မြို့ရှိ တောင်ရှည်တောင် ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့သည်ကို ဇန်နဝါရီ ၈ ရက်နေ့က တွေ့ရစဉ်
#ရသေ့တောင် #စစ်ကောင်စီ #ရေစိုးတောင်ဗျူဟာကုန်း #လက်နက်ချအညံ့ခံလမ်းရှင်း #Ayeyarwaddy_Times