
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် စစ်တပ်ထောက်ခံသည့် ရုပ်ရှင်သရုပ်ဆောင်များက (၇၅) နှစ်မြောက် စစ်ကောင်စီရေတပ် နှစ်ပတ်လည်နေ့ ဝါဒဖြန့် ရုပ်ရှင်ရိုက်ကူးနေကြောင်း ဒေသခံများထံမှ သိရသည်။
ကြယ်ညွှန်ရာသစ္စာအမည်ရှိသည့် အဆိုပါရုပ်ရှင်ဇာတ် ကားတွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ အောင်ခိုင်၊ စိုးသီဟ၊ မိုးကောင်းကင်၊ ပိုင်စစ်မှူး၊ အောင်သီဟ၊ နေလင်းအောင်၊ ဟိန်းဇာကျော်၊ ရွှေပိုး၊ နေရဲထက်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီမေသဉ္ဇာဦး၊ ဝါဝါအောင်၊ မုဏ်း၊ ယဉ်လတ်၊ လှမျိုးသဉ္ဇာနွယ်၊ ဆုကဗျာ၊ မေအိန္ဒြေသန့်တို့ပါဝင် သရုပ်ဆောင်မည်ဖြစ် ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အဆိုပါရုပ်ရှင်သရုပ်ဆောင်များသည် ဟိုင်းကြီးကျွန်းမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်တွင် လာရောက်ရိုက်ကူးနေခြင်းဖြစ်ပြီး ဇူလိုင် လ ၂၄ ရက်နေ့ကစတင်ရောက်ရှိလာကြောင်းသိရသည်။
” ၂၄ ရက်နေ့က ရုပ်ရှင်သရုပ်ဆောင်တွေ ဟိုင်းကြီးကိုရောက်လာကြတာ။ ရေတပ်စခန်းထဲက VIP ရိပ်သာမှာ တည်းနေကြတယ်။ ရိုက်နေတာတော့ မပြီးသေးဘူး ” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခင်စစ်အစိုးရလက်ထက်များကလည်း စစ်တပ်နှင့် သက်ဆိုင်သည့် နှစ်ပတ်လည်နေ့များ၌ယခုကဲ့သို့ စစ်တပ် ကောင်းကြောင်း ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားများကို ရိုက် ကူးလေ့ရှိကြောင်း ရုပ်ရှင်လောကနှင့် နီးစပ်သူအချို့ထံမှ သိရသည်။