
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းဖြစ်သည့် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်(အေအေ) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ဖမ်းမိထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
သိမ်းပိုက်နိုင်ခဲ့သည့် ခလရ ၂၈၉ ကို ရက္ခိုင့်တပ်တော်(အေအေ) က ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့က စခန်းကို အပြီးတိုင်သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
“စခန်းကို ဝင်စီးမိတာကတော့ ၁၁ ရက်နေ့ကတည်းကပဲ။ စခန်းထဲရှိတဲ့ စစ်ကောင်စီအဖွဲ့တွေအကုန် ကစဥ့်ကလျား ထွက်ပြေးကြလို့ အခုလိုက်ဖမ်းနေတယ်”ဟု ရက္ခိုင့်တပ်တော်(အေအေ) စစ်ရေးသတင်းရင်းမြစ်နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စခန်းသိမ်းတိုက်ပွဲ ပြုလုပ်နေစဥ်အတွင်း စခန်းရှိ စစ်ကောင်စီတပ်အင်အား ၂၀၀ ခန့်သည် စခန်းကိုစွန့်ခွာထွက်ပြေးသွားပြီး တပ်မမှူးဖြစ်သူ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ရေတံခွန်တောင်အနီးတွင်ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(အေအေ) တပ်ဖွဲ့၏သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင် ခလရ ၂၈၉ တပ်ရင်းမှ ထွက်ပြေးသွားကြသူများအနက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးနှင့် ဗျူဟာမှူးဖြစ်သူတို့ကို မီးချောင်း၊ စင်လီအနီးတွင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည့်အတွက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(အေအေ)က လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။
ပလက်ဝတွင် အဓိကဗျူဟာကျသည့် ခလရ ၂၈၉နှင့် မီးဝဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော်(အေအေ) က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယခု ခလရ ၂၈၉ ကိုသိမ်းပိုက်နိုင်ခဲ့သည့်အတွက် မီးဝဗျူဟာကုန်းသာကျန်ရှိတော့ပြီး ၎င်းမီးဝဗျူဟာကုန်းကျပါက ပလက်ဝသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပုံဟောင်းများအားအသုံးပြုဖော်ပြထားခြင်းဖြစ်ပါသည်။
#ပလက်ဝ #ခလရ ၂၈၉ #ရက္ခိုင့်တပ်တော်(အေအေ) #သိမ်းပိုက် #စစ်ကောင်စီတပ် #ကစဥ့်ကလျားထွက်ပြေး #တပ်မမှူး #ဗျူဟာမှူး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times