
အယိုက်လင်း / ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
မလေးရှားနိုင်ငံတွင် မြန်မာအဆိုတော် အေးမီစျာန်နှင့် sexy မော်ဒယ် ဖူးပွင့်ခိုင်တို့ သွားရောက်ဖျော်ဖြေသည့် နိုက်ကလပ်ကို မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မူကြီးကြပ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့ရှိ မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖွင့်လှစ်ထားသည့် Royce Luxury Night Club တွင် ယမန်နေ့ ဇန်နဝါရီလ ၁၃ရက် နေ့ ညနေ ၆နာရီ မှ ၁၄ ရက်နေ့ နံနက် ၅နာရီအထိ ပြုလုပ်သည့် သီဆိုဖျော်ဖြေပွဲကို မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်မူကြီးကြပ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းရာ အဆိုတော် အေးမီစျာန်နှင့် ဖူးပွင့်ခိုင်တို့ အပါဝင် မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရကြောင်း သိရှိရသည်။
“မနေ့ ညနေက မလေးရှား ရဲတွေနဲ့ လဝက အဖွဲ့တွေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားတွေချည်း အယောက် ၇၀ ကျော်ရှိမယ်။ အဆိုတော် အေးမီစျာန်နဲ့ ဖူးပွင့်ခိုင်ကိုလည်း အချုပ်ကားနဲ့ ခေါ်သွားတာ တွေ့လိုက်တယ်။ မြန်မာနိုင်သား အထောက်ထားရှိသူရော၊ အထောက်အထားမရှိသူရော အကုန်လုံးကို အချုပ်ကားထဲထည့်ပြီး အချုပ်ကား သုံးစီးနဲ့ ဖမ်းခေါ်သွားကြတယ်” ဟု တွေ့မြင်ခဲ့သူ မြန်မာနိုင်သား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မလေးရှားနိုင်ငံတွင် ဖျော်ဖြေရေးပွဲကို Night Club တွင် ကျင်းပခွင့်မရှိသည့်အတွက် မလေးရှားရဲတပ်ဖွဲ့နှင့် လဝက အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံသားအချို့က ဆိုသည်။
ဖမ်းဆီးခံရသည့်အထဲတွင် အထောက်ထားပြည့်စုံသည့် မြန်မာနိုင်ငံသား အများအပြားပါဝင်နေပြီး ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးခံရသူ အချို့ ပြန်လွတ်လာကြောင်း သိရသည်။
ပုံစာ-အေးမီစျာန်နှင့် ဖူးပွင့်ခိုင်
#မလေးရှားနိုက်ကလပ် #ရဲတပ်ဖွဲ့များဝင်ရောက်စီးနင်း #မြန်မာနိုင်သားများဖမ်းဆီးခံရ# #Ayeyarwaddy_Times-