
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဇန်နဝါရီ ၁၄ ရက်
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ပြည်သူ့စစ်များ ဖွဲ့စည်းရန် စစ်ကောင်စီက ဖိအားပေးနေပြီး ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများအလိုက် လူဦးရေစာရင်းများ ကောက်ခံကာ သတ်မှတ်လူဦးရေပေးဆောင်ရမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လိုက်လံစာရင်း ကောက်ခံနေကြောင်း သိရသည်။
စစ်ကောင်စီတပ်တွင်းတပ်သားသစ် လိုအပ်ချက်များကြောင့် ပြည်သူ့စစ်အင်အားများကို စုဆောင်းနေခြင်းဖြစ်ကာ ပဲခူးတိုင်းအတွင်းရှိ ဝေါ၊ သာယာဝတီ၊ ဇီးကုန်း၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ တောင်ငူ၊ ရေတာရှည် စသည့်မြို့နယ်များတွင် ပြည်သူ့စစ်များဖွဲ့စည်းရန်နှင့် စစ်သင်တန်းများတက်ရောက်ရန် ခြိမ်းခြောက်ကာ ဖိအားပေးစေခိုင်းနေကြောင်း သိရသည်။
” အခုက ပြည်သူ့စစ်ဖွဲ့ဖို့ကို စစ်တပ်က လူတွေကိုခေါ်နေတာမဟုတ်တော့ဘူး။ အတင်း အဓမ္မ မဖြစ်မနေဆိုပြီး သိမ်းသွင်းနေတာဖြစ်နေပြီ။ သူတို့မှာ ကိုယ့်မြို့၊ ကိုယ့်ရွာကို ကာကွယ်ဖို့ စစ်သားတွေမရှိတော့ဘူး။ ဘယ်လောက်ထိဆိုးသလဲဆို ကျွန်တော်တို့ သာယာဝတီမှာဆို ၃၅ တပ်ရင်းရှိတယ်။ အဲ့ဒီတပ်ရင်းကိုတောင် ကာဖို့ စစ်သား အလုံအလောက်မရှိတော့ဘူး” ဟု သာယာဝတီဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်ဖွဲ့စည်းရန် အနည်းဆုံး ကျေးရွာတစ်ရွာလျှင် လူအယောက် ၂၀ နှင့်အထက်ဖွဲ့စည်းခိုင်းနေပြီး ရပ်ကွက်အုပ်စု၊ ကျေးရွာအုပ်စုများကိုမူ အယောက် ၁၀၀ ဝန်းကျင်ဖြင့် လူဦးရေ တောင်းခံခြင်းများပြုလုပ်လျက်ရှိကာ အသက် ၁၈ နှစ်မှ အသက် ၅၀ ဝန်းကျင်အရွယ်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လူဦးရေ စာရင်းများ ပြုလုပ်ခိုင်းနေကြောင်း သိရသည်။
“ဝေါဘက်မှာလည်းတောင်းတယ်။ သူတို့တောင်းတဲ့လူအရေအတွက်မပေးရင် ပိုက်ဆံ ထည့်ရမယ်ပြောတယ်။ တချို့ရွာတွေက စိတ်ပါတဲ့သူတွေက စစ်သင်တန်း သွားတက်ကြတာရှိသလို တချို့ရွာက မသွားကြဘူး။ သူတို့တောင်းတဲ့လူမရရင် ရွာကို ပြသနာရှာမယ်လို့လဲ ခြိမ်းခြောက်ထားတယ်” ဟု ဝေါဒေသခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပဲခူးတိုင်းအတွင်းသာမက ဧရာဝတီတိုင်းအတွင်းတွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အစောပိုင်းလများကတည်းက ပျူစောထီး (ပြည်သူ့စစ်) များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် စုဆောင်း၍ စစ်သင်တန်းများပေးကာ အချို့ကို ရှေ့တန်း စေလွှတ်ရန်ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ပြည်သူ့စစ် #ပျူစောထီး #စစ်ကောင်စီ #အတင်းအဓမ္မဖွဲ့စည်း #ပဲခူးတိုင်း #Ayeyarwaddy_Times