မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးမှ အနားပေး၍ လာအိုသံအမတ် အဖြစ် ခန့်အပ်ခံရသည်ကို ပျော်လွန်းသဖြင့် ဌာနအတွင်းဒန်ပေါက်ကျွေးကာ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်မြတ်သက်ဦးကို စစ်ကောင်စီကပြန်ခေါ်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီက ဗိုလ်ချုပ်မြတ်သက်ဦးကို အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် တာ၀န် ထမ်းဆောင်နေစဉ် ဖမ်းဆီး၍ ရာထူးမှဖယ်ရှားပြီး‌နောက် နှစ်လအကြာ ၂၀၂၃ ဇွန်လတွင် လာအိုသံ အမတ်အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“သူတာ၀န်ယူတဲ့ ခွင်မှာ တပ်ပြုန်းပြီး၊ အဖမ်းခံရမလိုလို အထောင်းခံနေရချိန်မှာ သံအမတ်ဖြစ်သွားတော့ ပျော်ပြီးဌာနတွင်းက ၀န်ထမ်းတွေကို ဒန်ပေါက် ကျွေးသွား သေးတယ်။ ခုတော့ပြန်ဖမ်းခံလိုက်ရပြီး ထောင်ပါကျသွားတယ်” ဟု စစ်ကောင်စီ သံရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗိုလ်ချုပ် မြတ်သက်ဦးကို စစ်ကောင်စီ၏ လာအိုနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့် အပ်ပြီးနောက် လေးလအကြာ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် နေပြည်တော်သို့ ပြန်လည်ခေါ်ယူ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဗိုလ်ချုပ် မြတ်သက်ဦးကို စစ်တရားရုံးတွင် တရားစွဲဆိုကာ ယခုဇန်နဝါရီတွင် ထောင်ဒဏ် ၁၀ နှစ်ချ မှတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်း မြစ်ထံက သိရသည်။

ဗိုလ်ချုပ်မြတ်သက်ဦးကို ယခုလိုဖမ်းဆီးရခြင်းမှာ အမှုဟောင်းဖြစ်သည့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်၏အမှုတွဲနှင့် ဆက်စပ်၍ ဖမ်းဆီး တရားစွဲဆိုခြင်းခံရခြင်းဖြစ် ကြောင်း သိရသည်။

စစ်ကောင်စီသည် ဗိုလ်ချုပ်မြတ်သက်ဦးနှင့် အမှုတွဲဖြစ်သူ ဗိုလ်ချုပ်ကိုကိုမောင် ကိုလည်း စစ်ကိုင်းတိုင်းနှင့် ဖားကန့်ဒေသသို့ ဖောက်ခွဲရေးယမ်းများကို လာဘ်ယူတင်သွင်းခွင့်ပြု ခြင်း၊ အာဏာအလွဲသုံးစားပြုလုပ်ကာ ဖားကန့်တွင် ကျောက်စိမ်း၊ ရွှေတူးဖော်ခွင့် ပေးခြင်းတို့ကြောင့် ထောင် ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

အလားတူ ဗိုလ်ချုပ်မြတ်သက်ဦးကိုလည်း မည်သည့် ပုဒ်မဖြင့်တရားစွဲဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်သည်ကို အသေးစိတ်မသိရသော်လည်း အမှုတွဲဟောင်းဖြင့် ဖမ်းဆီး၍ ထောင်ချခံရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်မြတ်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်(မပခ)တိုင်း မှူးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်(ရတခ)သို့ ပြောင်းရွှေ့ခံရကာ ယခုလက်ရှိ ထောင်ဒဏ်ချမှတ်ခံရချိန်တွင် စစ်ကောင်စီ၏ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာ၀န် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ပုံစာ-လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးနောက် ထောင် ၁၀ နှစ် ချမှတ်ခံရသည့် ဗိုလ်ချုပ်မြတ်သက်ဦး
#ဗိုလ်ချုပ်မြတ်သက်ဦး #လာအိုသံအမတ် #စစ်ကောင်စီပြန်ခေါ် #ထောင်၁၀နှစ်ချ #Ayeyarwaddy_Times