အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကံသုံးဆင့်(မြို)ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမွှာမောင်နှမ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ဒေသခံများထံက သတင်းရရှိသည်။

မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈နာရီခန့်က ကံသုံးဆင့်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲသောကြောင့် ထမင်းချက်နေသည့် အမွှာကလေး နှစ်ဦး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူအပါဝင် စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးက ကျောက်တော် တပ်ရင်းကလည်းပစ်တယ်။ မြောက်ဦး တပ်ရင်းဘက်ကလည်း ပစ်တယ်ဆိုတော့ ဘယ်ကလက်နက်ကြီးလဲ မသိဘူး။ လက်နက်ကြီးကျည်က ရွာထဲကျပြီး ပေါက်ကွဲသွားတာပါ။ ထမင်းချက်တဲ့ အမွှာကလေး နှစ်ယောက်က ပြင်းထန်ဒဏ်ရာရတယ်။ ကျန်တဲ့ အရပ်သား လေးယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရကြတယ်။ ကန်ဇောက်ဆေးရုံအရောက် တစ်နာရီအကြာမှာ ကလေးနှစ်ယောက်က ဆုံးသွားတယ်။ ကျန်တဲ့ လူနာတွေက ဆေးကုသမူ ခံယူနေကြတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် အမွှာမောင်နှမ နှစ်ဦးသည် အသက် ၁၄ နှစ်အရွယ် မောင်ထွန်းထွန်းနှင့် မစိုးစိုးတ်ို့ဖြစ်ပြီး ၎င်းတို့သည် မြိုတိုင်းရင်းသားများဖြစ်ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုများကြောင့် ကံသုံးဆင့်ကျေးရွာရှိ အသက် ၇၀ ကျော်အရွယ် ဒေါ်လာခက်သည် လက်နက်ကြီးအသံကြောင့် နှလုံးဖောက်ပြီး သေဆုံးခဲ့ရသည်။

ပုံစာ-လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သေဆုံးခဲ့သူ အမွှာမောင်နှမ

#ရခိုင် #ကျောက်တော် #လက်နက်ကြီးကျည် #ကျရောက်ပေါက်ကွဲ #ကလေးနှစ်ဦးသေဆုံး #Ayeyarwaddy_Times