
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၁၄ ရက်)
လူသားတွေဟာ ကမ္ဘာပေါ်မှာ သူတို့တွေနေထိုင်ခဲ့တဲ့အကြောင်း သူတို့နေထိုင်ခဲ့တဲ့ နေရာ တွေမှာ အမှတ်အသား သဲလွန်စတွေ ချန်ထားခဲ့တတ်ကြပါတယ်။ ရှေးဟောင်းသုသေသန ပညာရှင်တွေက ကျောက်ဂူနံရံတွေမှာ ရေးခြစ်ဆွဲသားခဲ့တဲ့ ပုံတွေကိုကြည့်ပြီး ကျောက်ခေတ်လူသားတွေရဲ့ တည်ရှိခဲ့ပုံသိခဲ့ကြရပါတယ်။
ယနေ့ ခေတ် လူသားတွေတည်ရှိကြောင်း နောင်နှစ်ပေါင်ထောင်ကျော်အထိ တာရှည်ခံတဲ့ အသိသက်သေအနေနဲ့ပြဖို့ဆိုရင် ကျောက်နံရံမှာ ထွင်းထုဖို့မလိုတော့ပါဘူး။ ပလတ်စတစ်အိတ်တွေက သက်သေအနေနဲ့ နောက်နှစ်ပေါင်း ထောင်ချီပြီး တည်ရှိနေမှာပါ။
ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ ပလတ်စတစ်အိတ်တွေက လူသားတွေရှိသမျှ နေရာတိုင်း မှာစွန့်ပစ် ပစ္စည်းတစ်ခုလို ပျံ့နှံ့နေပါတယ်။ ပင်လယ်သမုဒ္ဒရာတွေအတွင်းမှာ ပျံ့နှံ့ တည်ရှိနေသလို ဝင်ရိုးစွန်းကရေခဲပြင်တွေသာမက ဧဝရတ်တောင်ပေါ်အထိတောင် စွန့်ပစ်ထားတာတွေတွေ့နေရပါတယ်။ ပလတ်စတစ်အိတ်ကြောင့် သဘာဝဘေး အန္တရာယ် တွေဖြစ်စေတယ်လို့ပြောရင်တောင် လွန်မယ်မထင်ပါဘူး။
၂၀၀၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့ပြရေလွှမ်းမိုးမှုရဲ့အဓိကတရားခံက စွန့်ပစ်အမှိုက် ပလတ်စတစ် အိတ်တွေ ရေမြောင်းစနစ်ကိုပိတ်ဆို့တာကြောင့်ဖြစ်ပါတယ်။ ဒီလောက် ဆိုးရွားတဲ့ ပလတ်စတစ်အိတ်တွေကို ယနေ့တိုင် လူတွေ ဘာကြောင့်နေ့ စဉ်သုံးနေကြရတယ် ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
#ပလတ်စတစ်အိတ်တီထွင်ခြင်း
ပလတ်စတစ်ကို ၁၉ရာစုမှာ ဓာတုပညာရှင် နေသန်နီရယ် ကမ်းဘရေ့တက္ကသိုလ်မှာ စတင်ဖော်စပ်နိုင်ခဲ့ပါတယ်။ ပလတ်စတစ်ကို ပစ္စည်းအမြောက်အများ စပြီးတီထွင်နိုင် တာကတော့ နှစ်၉၀သာ ရှိပါသေးတယ်။ ( Polyethylene) ပိုလီအက်သလင်း လို့ခေါ်တဲ့ ဓာတုပစ္စည်း ကို ရေနံထွက် ပစ္စည်းတစ်ခုအနေဖြင့် ၁၉၃၃ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါက ပလတ်စတစ် တွေရဲ့အစ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ပလတ်စတစ် စတင် သုံးတယ်ဆိုပြီးမှတ်တမ်းတွေရှိခဲ့ပါတယ်။
ကြွတ်ကြွတ်အိတ်လို့ခေါ်တဲ့ ပလတ်စတစ်အိတ်ကိုတော့ နောက် နှစ်သုံးဆယ်အကြာ ၁၉၆၅ ခုနှစ်မှာ ဆွီဒင်ပညာရှင်တစ်ယောက်က ထွင်နိုင်လိုက်ပါတယ်။ ဥရောပ တိုက်မှာ စသုံးပြီး ဒီနေ့မှာတော့ နေရာတိုင်းမှာ ပလတ်စတစ်အိတ်တွေ ပျံ့နှံအသုံး ပြုနေပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံကို ကြွတ်ကြွတ်အိတ် ရောက်လာတာ နှစ်သုံးဆယ်ဝန်းကျင် ရှိပါပြီ။
ပလတ်စတစ်အိတ်တွေဘာလို့အသုံးများကြတာပါလဲ…?
စျေးပေါတယ်။ အတော်အတန်ရေစိုခံတယ်။ ပေါ့ပါးတယ်။ ထုတ်ပိုးရလွယ်ကူတယ်။ အလွယ်တကူရနိုင်တယ်။ သန့်ရှင်းတယ်။ ဒီလိုကောင်းကျိုးတွေကြောင့် ပလတ်စတစ် အိတ်တွေကို သုံးကြပါတယ်။
စက္ကူ၊ ဝါး၊ ဖန်၊ သတ္ထု၊ ရာဘာ တွေသုံးတာ နည်းပါးလာပြီး ပလတ်စတစ်အိတ်နဲ့အတူ ပလပ်စတစ်အအေးပုလင်းတွေ ခွက်တွေ ဘူးတွေ အခြားပလတ်စတစ်ပစ္စည်တွေက နေရာရလာပါတယ်။
#ပလတ်စတစ်နှင့် ကျန်းမာရေးသက်ရောက်မှုများ
ပလတ်စတစ်မီးလောင်ခြင်းနှင့် ညှော်နံ့
ပလတ်စတစ်တွေ မီးလောင်တဲ့အခါမှာ အဆိပ်အတောက်အငွေ့တွေ ၁၀ မျိုးမက ထွက်ပါတယ်။ ထိတွေ့ပါက လူခန္ဓာကိုယ်ကို ထိခိုက်စေပြီး အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းမှာ ရောဂါတွေ ရစေပါတယ်။ နှလုံးရောဂါ ပန်းနာရင်ကျပ်ရောဂါ လေပြွန်ရောင်အသက်ရှုကြပ်ရောဂါတွေ ဖြစ်စေရုံသာမက အခိုးအငွေ့တွေနဲ့ထိတွေ့မိတဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း နှင့် အရေပြာတွေမှာ နီရဲ နာကျင် ပူစပ်ပြီး ရောဂါ တွေရစေပါတယ်။
ပလတ်စတစ်မီးခိုးငွေ့ရှူမိလို့ ခေါင်းကိုက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကိုယ်လက်မအီ မသာဖြစ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ကျပင်ပန်းခြင်း နဲ့ ပျို့အန် ခြင်းတွေလည်း ဖြစ်နိုင်ပါသေးတယ်။
#ပလတ်စတစ်နှင့်အပူဒဏ်
မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ စတဲ့ ဟင်းရည်ပူပူတွေကို ပလတ်စတစ်အိတ်နဲ့ထုပ် ရောင်းတာ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ပါဘူး။ ပလတ်စတစ်အိတ်က အပူနဲ့ ထိတွေ့တဲ့ အခါ ဆန့်ကားလာတာကို အလွယ်တကူမြင်နိုင်ပါတယ်။ ပလတ်စတစ်အိတ်မှာပါတဲ့ BPA လို့ခေါ်တဲ့ ဓာတုပစ္စည်းက ကင်ဆာဖြစ်စေတဲ့ ဓာတ်အသွင်ပြောင်းသွားပြီး လူကို ဒုက္ခ ပေးပါလိမ့်မယ်။ အကြော်ပူပူလေးတွေ ချက်ပြီးခါစ ဟင်းပူပူတွေ လည်း သဘောတရား အတူတူပါပဲ။
Microwave မှာ ပလတ်စတစ်ဘူးတွေသုံးပြီး အပူပေးတာအတွက်လည်း ဂရုပြုဆင်ခြင် စေချင်ပါတယ်။ မိုက်ခရိုဝေ့ဖ် အတွက်အထူးထုတ်လုပ်ထားတဲ့ ပလက်စတတ်ဘူးတွေ ခွက်တွေသာ စနစ်တကျရွေးချယ်ကြပါ။ recycling codes 3 (phthalates) နှင့် recycling codes 7 (bisphenols) အမျိုးအစားတွေက မိုက်ခရိုဝေ့ဖ်မှာ အပူပေးတဲ့အခါ ကင်ဆာဖြစ်စေနိုင်ခြင်းကဲ့သို့ ကျန်းမာရေးပြသနာတွေ ဖြစ်လာနိုင်ပါတယ်။
ပလတ်စတစ်တွေ အပူပေးခြင်းကြောင့် အစားအသောက်အတွင်းကို ဓာတုပစ္စည်းတွေ ကူးဝင်သွားတဲ့အခါ ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးရောဂါ၊ အဝလွန်ခြင်းရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေတိုးလာပါတယ်။
ပလတ်စတစ်နဲ့ ထိတွေ့မိခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့အကြောင်း တချို့သော ကလေးကစားစရာများ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်း ဆိုတဲ့ သတင်းမျိုးတွေကိုလည်း ဖတ်ဖူးကြပါလိမ့်မယ်။ အချို့စက်ရုံတွေမှာဆိုလည်း ပလတ်စတစ်အခိုးအငွေ့များမှ လူထိခိုက်နိုင်၍ “အန္တရာယ်ရှိသည်” “အပြင်လူမဝင်ရ” စာတန်းများချိတ်ဆွဲကာ ကန့်သတ်တားဆီးထားကြရပါတယ်။
ကျွန်တော်တို့နေ့စဉ်ဘဝမှာ ပလတ်စတစ်အိတ်တွေမရှိရင် ရှင်သန်နိုင်မှာလား?
ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပလတ်စတစ်အိတ်တွေကိုရှောင်ကျဉ် ကြပါ။ အစားထိုးသဘာဝပစ္စည်းများ ပြန်လည်အသုံးပြုနိုင်သောရီဆိုင်ကယ်အိတ်များ ( Recycle Bag ) များ သုံးကြပါ။ စက္ကူအိတ်များ၊ အဝတ်အိတ်များ သုံးကြပါ။ တစ်ခါသုံး ပလတ်စတစ်ပန်းကန်၊ ဇွန်းများ အစားအပြန်ပြန် အလှန်လှန်သုံးပြုနိုင်သော ပစ္စည်းများ ကိုသာသုံးပေးပါ။ အစားအသောက်များ ထုတ်ပိုးခြင်း၊ သယ်ယူခြင်း တို့အတွက် တတ်နိုင်သမျှ ပလပ်စတစ်အိတ်ကိုရှောင်ပါ။ မုန့်ဟင်းခါး၊ ကြာဆံချက်၊ အုန်းနို့ခေါက်ဆွဲ မုန့်တီ၊ ဆန်ပြုတ်၊ ကော်ရည်ခေါက်ဆွဲ အစရှိတဲ့အရည်သောက် စားစရာများအတွက် သယ်ယူထုတ်ပိုးစရာ ချိုင့် ခွက်တွေကို အသုံးပြုပါ။
ပလတ်စတစ်ကိုရှောင်ကျဉ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ကြပါ။ ပင်လယ် သတ္တဝါများ၊ ကုန်းမြေနေသတ္တဝါများကိုလည်း ကာကွယ်ရာရောက်ပါတယ်။ ကမ္ဘာမြေကို ကယ်တင်ရာလည်း ရောက်ပါတယ်။
Ayeyarwaddy Times ပရိသတ်များအားလုံးလည်း စစ်ဘေးကင်းကွာ ကျန်းမာကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ ဒူးနာခြင်း ကျန်းမာရေး ဆောင်းပါးကို တင်ဆက်ပေးမှာမို့ စောင့်မျှော်ဖတ်ရှုကြပါဦး ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ပလတ်စတစ်အိတ်နှင့်ကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)