
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
ပဲခူးတိုင်း သာယာဝတီခရိုင်မင်းလှ မြိုနယ်ရှိ စစ်ကောင်စီတပ်အား သာယာဝတီခရိုင် တော်လှန်ရေးတပ်ဖွဲ့ Yoma Phoenix Drone Force တပ်ဖွဲ့မှ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ် အရာရှိအပါဝင် ကိုးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက် ဒဏ်ရာရရှိသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား (YPDF) တော်လှန်ရေးတပ်ဖွဲ့မှ ပထမဦးဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဇန်နဝါရီလ (၉)ရက်နေ့နဲ့ (၁၀)ရက်နေ့ နှစ်ရက်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာ စမ်းဘုတ် စစ်ကောင်စီဂိတ်စခန်းနဲ့ စခန်းနားမှာ မီးလှုံကြတဲ့ စစ်သားတွေကိုဒရုန်းနဲ့ တိုက်ခိုက်လိုက်တာပါ။ ပထမဂိတ်စခန်းကို ဗုံးသီး နှစ်လုံးကြဲချခဲ့တာသုံးယောက်သေပြီး ငါးယောက်ဒဏ်ရာရသွားတယ်” ဟု ( Yoma Phonenix) ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒုတိယနေ့တိုက်ခိုက်မှုတွင် စစ်ကောင်စီစစ်သားများမီးလှုံနေသည့် နေရာသို့ ဗုံးသီး နှစ်လုံး ကြဲချနိုင်ခဲ့ပြီး စစ်သား ခြောက်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ကို နေရာမရွေး အချိန်မရွေး တိုက်ခိုက်မည် ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များအနေဖြင့် အမြင်မှန်ရပြီး ပြည်သူနှင့် ပူးပေါင်းပေးကြရန်နှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေပေးခြင်းဖြင့် တော်လှန်ရေးအင်အားစုများကို ကူညီပေးစေလိုကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
#မင်းလှမြို့နယ် #စစ်ကောင်စီ #တော်လှန်ရေးအင်အားစုများ #စစ်သားကိုးဦးသေဆုံး
#Ayeyarwaddy_Times