
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇန်နဝါရီ ၁၃ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာအနီး ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား ခုနှစ်ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း သိရသည်။
အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဆိုင်ကယ် ၁၆ စီးဖြင့်ပဲခူးရိုးမအတွင်းသို့ ဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၀ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆက်လက်၍ ကျွန်းကုန်းရွာဘက်သို့ စစ်ကြောင်းထိုးသွားရာ တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများပြားခဲ့ပြီး တပ်သား ခုနှစ်ဦးနှင့်အထက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
“ဒီစစ်ကြောင်းက စစ်ကူလာတဲ့စစ်ကြောင်း။ စစ်ကြောင်းကို နှစ်ရက်လုံး တိုက်ခိုက်ခဲ့တာ ပထမနေ့က သေတာမသိရဘူး။ ဒုတိယနေ့ကတော့မျက်မြင်အရကို တစ်အုပ်ကြီးထိပြီး လဲသွားတာ။ အဲ့တာကို တပ်တွင်းကပြန်သိရတာက ခုနှစ်ယောက်သေတယ်တဲ့။ ဒေသခံတွေကိုယ်တိုင်ကလည်း ကားတွေနဲ့ ထပ်ထပ်ပြီးသယ်သွားတာတွေ့တယ်တဲ့။ ဆယ့်လေးယောက်လောက်ရှိတယ်ပြောတယ်။ အလောင်းလား ဒဏ်ရာရတဲ့သူတွေလားတော့မပြောတက်ဘူး” ဟု PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော် လော်ရှိန်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျွန်းကုန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အထိနာခဲ့သည့်အတွက် ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
နှစ်ရက်တာ တိုက်ခိုက်မှုအား သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ဒရုန်းဖြင့်ဗုံးကြဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည့် စမ်းဘုတ်ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းဖြစ်ကြောင်းတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#မင်းလှ #စစ်ကောင်စီစစ်ကြောင်းထိုး #တိုက်ခိုက်ခံရ #မိုင်းဆွဲ #PDF #သေဆုံး #Ayeyarwaddy_Times