
ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာ သိမ်းပြီးချိန်မှ စတင်၍ ဆေးဝါး ရှားပါးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲများကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။
တိုင်းရင်းဆေး၊ နိုင်ငံခြားဆေး မျိုးစုံနှင့် ဆေးပစ္စည်းမျိုးစုံ အမျိုးအစား လုံလင်စွာ ရောင်းချရာ ရန်ကုန်မြို့လယ် ဗိုလ်ချုပ်ဈေးသစ် အတွင်းရှိ ဆေးဆိုင်များတွင်ပင် ဆေးဝါး ပြတ်လပ်မှုများ ရှိနေသည့်အပြင် ဈေးနှုန်းများလည်း အချိန်နှင့်အမျှ မြင့်တက်လျက် ရှိသည်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်၍ အာဏာသိမ်းထားသည့် ၃ နှစ်နီးပါး အတွင်း အိမ်သုံး ဆေးဝါးများ အပါအဝင် နာတာရှည်ရောဂါ အမျိုးမျိုး အတွက် ဆေးဝါးနှင့် ပဋိဇီဝ ဆေးအမျိုးအစားများ အပါအဝင် ဆရာဝန် ညွှန်ကြားချက် မလိုသော ဆေးဝါးများပါ ပြတ်လပ်သည် အထိ ဖြစ်ပွားနေသည်။
ပြည်ပနိုင်ငံများမှ အများဆုံး တင်သွင်းနေရသည့် ပြည်တွင်း၌ သုံးစွဲနေရသော ဆေးဝါးနှင့် ဆေးပစ္စည်းများသည် ဆေးဝါး ဈေးကွက်အတွင်းတွင် တစ်မျိုးမဟုတ်၊ တစ်မျိုး ပြတ်လပ် လျက်ရှိသည်။
ပြည်ပမှ ဆေးတင်သွင်းသော ဆေးကုမ္ပဏီများကလည်း ဒေါ်လာ လိုအပ်ချက်နှင့် လိုင်စင် ကြန့်ကြာမှုများကြောင့် လိုအပ်ချက် ပြည့်မီအောင် ဆေးဝါး တင်သွင်းနိုင်ခြင်း မရှိကြောင်း ပြောဆိုကြသည်။
နိုင်ငံခြားငွေ လျှော့သုံးရန် အမြဲတစေ ပြောဆိုနေသော စစ်ကောင်စီကမူ ဆေးနှင့် ဆေးပစ္စည်းများ အတွက် ဒေါ်လာငွေ သုံးစွဲခွင့် ပေးထားကြောင်း၊ လိုင်စင်များ ချထားပေးကြောင်း ပြောဆိုလျက်ရှိသည်။
ထိုသို့ပြောဆိုလျက်ရှိသော်လည်း စစ်အာဏာရှင် လောင်းရိပ်အောက်ရှိ ဆေးဝါး ဈေးကွက်တွင် နာတာရှည် ရောဂါသည်များ အတွက် ဆေး၊ ကင်ဆာဆေး၊ ဆီးချို သွေးချိုဆေး၊ သွေးကြဲဆေး၊ အရိုးအဆစ် ဆေးများ အပါအဝင် အိမ်သုံးဆေးများ ပြတ်လပ်မှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။
စစ်တပ်အာဏာ မသိမ်းခင်က ကျပ် ထောင်ဂဏန်းသာ ရှိသော ဆေးများက ယခုအခါ သောင်းဂဏန်းအထိ ဈေးမြင့်တက်နေသည်။ တချို့ဆေးဝါးများကို ခွဲတန်းဖြင့်သာ ဝယ်ယူ ရရှိနိုင်ပြီး တချို့ဆေးများက ဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိနေသည်။
အမေရိကန် ဒေါ်လာငွေ ဈေးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ဒေါ်လာကို တရားဝင် ၂၁၀၀ ကျပ် ရည်ညွှန်းစျေး သတ်မှတ်ထားပြီး စျေးကွက်အတွင်းတွင်မူ ၃၀၀၀ ကျပ် ပတ်ချာလည်တွင်ရှိသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရည်ညွှန်းစျေးသက်မှတ်မှုကို ပယ်ဖျက်၍ စျေးကွက်အတွင်း ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်ပြုခဲ့ရာ စစ်ကောင်စီ၏ ကျေးဇူးကြောင့် လက်ရှိ တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ အထက် ရှိလာသည်။
(၁)
နာတာရှည်ရောဂါနှင့်ဆေးဝါး
========
နာတာရှည် ရောဂါသည်များ သောက်သုံး ဆေးဝါး ပြတ်လပ်ပါက အသက် အန္တရာယ် ထိခိုက်နိုင်သည် အထိ စိုးရိမ်ရသည်။
အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါသည်များ ရင်ကျပ်နှင့် အဆုတ် ကင်ဆာဆေး သောက်သုံးနေရသူများ အတွက် ဆေးဝါးများက မရှိမဖြစ် လိုအပ်သည်။
စက်တင်ဘာလ ကတည်းက ဈေးကွက်ထဲတွင် ပစ္စည်း ပြတ်လပ်သွားသော ရင်ကျပ် ရောဂါသည်များ ဆေးရှူစက်ထဲ ထည့်သုံးရသည့် Budicort ဆေးရည်က ဒီဇင်ဘာ လဆန်းပိုင်းမှသာ ပြန်လည် ဝယ်ယူ ရရှိခဲ့ကြောင်း ပန်းနာရင်ကျပ် နှင့် အဆုတ်ကင်ဆာ ဝေဒနာရှင်၏ မိသားစုဝင် မနုနု ထံကသိရသည်။
“ဆေးဈေးက တော်တော်ကို တက်တယ်။ အခုဆေးတွေ ဈေးပို တက်လာတယ်။ ရင်ကျပ်ဆေးရော ကင်ဆာ ဆေးတွေရောပဲ။ တစ်လကို နှစ်သောင်း နှုန်းတက်တဲ့ သဘောပဲ။ အခုနောက်ဆုံးမှာ နှစ်သိန်းပေးဝယ်ရတယ်။ ဆိုင်ကြီးတွေကို လေးဆိုင်နဲ့ ငါးဆိုင်စုံစမ်းထားရတယ်။ မကုန်ခင်ကို ကြိုဝယ်ရတယ်။ တစ်ဆိုင်မဟုတ်၊ တစ်ဆိုင်ရ အောင်လည်း ဆိုင်တွေကို ကြိုရှာထားရတယ်။ ဆေးက ဝယ်ရခက်တယ်”ဟု မနုနုက ပြောပြသည်။
ပန်းနာရင်ကျပ်နှင့် အဆုတ်ကင်ဆာ ရောဂါသည်တို့ Nebulizer ရှုရာတွင် NS (Nornal Saline) နှင့် Budicort ဆေးရည် နှစ်မျိုး သုံးမျိုး သုံးရပြီး နေ့စဉ် အသုံးပြုရသည့် ချွဲပျော်ဆေး ဖြစ်သည်။
လူနာအိမ် အများစုတွင် NS (Nornal Saline) အကြောဆေး သွင်းရည်ကို ဘက်စုံသုံး အနေဖြင့် အသုံးပြုမှု များကြောင်းလည်း သိရသည်။
“ဆေးက မကုန်ခင် ကြိုဝယ်ရတယ်။ ကင်ဆာ သောက်ဆေးက ဆေး ပြတ်သွားလို့ မရဘူး။ ဆက်တိုက် သောက်ရတယ် ဆိုတော့ ကုန်ခါနီးဖို့ တစ်ပတ်လောက် အကြိုမှာ ဆေးကို ကြိုဝယ်ထားရတယ်။ ဆေးရှာရတယ်။ အက်စမာသမား ဖြစ်တော့ Budicort ဆေးတစ်မျိုးကလည်း ဝယ်ရခက်တယ်။ နာမည်ကြီး ဆိုင်တွေမှာတောင် မရဘူး”ဟု မနုနုက ဆက်လက် ပြောပြသည်။
အိမ်တစ်အိမ်တွင် ကျန်းမာရေး မကောင်းသူ တစ်ဦးရှိလျှင် ထိုသူအတွက်ကျန်းမာရေး ကုန်ကျစရိတ်၊ ဆေးဝါး အခက်အခဲများ၊ စိုးရိမ်စိတ်များဖြင့် မိသားစုများက ရင်ဆိုင် ရှင်သန်နေကြရသည်။
ငွေကြေး တတ်နိုင်သော်လည်း လွယ်လွယ်ကူကူ ဝယ်ယူမရနိုင်သော ဆေးအမျိုးအစား များစွာလည်း ရှိနေသေးသည်။
လက်ရှိ ဆေးဈေးကွက်တွင် ဆေးအမျိုးအစားပေါင်း ၅၀ ရှိလျှင် ၂၅ မျိုးခန့်မှာ အမြဲ ပြတ်လပ်မှုရှိကြောင်း ရန်ကုန် မင်္ဂလာဈေးရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်း ဆိုင်ရှင် တစ်ဦးက ဆိုသည်။
ဆေးဝါး ပြတ်လက်မှုတွင်သာမက ဆေးရုံသုံး ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့် လူနာသုံး ပစ္စည်းများသည်ပင် ပြတ်လပ်ခြင်း ရှိကြောင်း အဆိုပါ ဆေးဆိုင်ပိုင်ရှင်များ ထံက သိရသည်။
နေ့စဉ်ဆေး မှီဝဲနေရသည့် သက်ကြီးရွယ်အို အဘိုး၊ အဘွားများ အပါအဝင် လူနာရှင် များက လူနာမှတ်တမ်းဆေးစာအုပ် ကိုင်ဆောင်ကာ ဆေးဝယ်လေ့ရှိပြီး ဆေးအမျိုးအစား အားလုံးမရနိုင်ဘဲ ပြတ်လပ်နေသည့် ဆေးဝါးများနှင့် အာနိသင်တူ ဆေးများသာ ရကြောင်း ရန်ကုန်မြို့ရှိ ဆေးမျိူးစုံဖြန့်ချိရာ ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦး က ဆိုသည်။
“ဆေးတွေက ပစ္စည်းပြတ်နေတာ များတယ်။ ဘယ်တော့ရောက်မလဲ မပြောနိုင်ဘူး။ ဆေးရရင် တွေ့တုန်းယူထားပဲ။ တချို့က ကုမ္ပဏီကသွင်းတဲ့ ဆေးပဲရှိတော့ သူတို့က မဖြန့်ရင် ဆေးမရဘူး”ဟု ၎င်းက ဆက်လက် ပြောပြသည်။
နာတာရှည်ရေဂါ ကုသဆေးများ ရှားပါးပြတ်လပ်မှုကို ကြုံနေရပြီး ဆီးချိုရောဂါ လူနာ များ ပုံမှန်သုံးစွဲနေရသည့် အင်ဆူလင် ထိုးဆေးမှာ တစ်လ နီးပါးကြာသည် အထိ ရှားပါး၊ ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ဆီးချိုရောဂါ ဝေဒနာရှင်မိခင်ကို ပြုစုနေသူ ကိုမြတ်သူထံက သိရသည်။
“ပုံမှန်ဝယ်ရတဲ့ဆေးက အင်ဆူလင် ဝယ်ရတယ်။ အမေက ဆီးချိုရောဂါရှိတော့ အင်ဆူ လင်ကို တစ်နေ့ သုံးကြိမ်ထိုးရတယ်။ အရင်ကဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့ အင်ဆူ လင်ကို ရွှေအိုးလို ဆိုင်မျိုးတွေနဲ့ အခြားဆေးဆိုင်မှာ လွယ်လွယ် ကူကူ ဝယ်လို့ရတယ်။ အခုကျတော့ အင်ဆူလင် ဝယ်မရတာက တစ်လ နီးပါးကြာတယ်”ဟု ကိုမြတ်သူက ပြောသည်။
ဆီးချိုရောဂါသည်အတွက် အင်ဆူလင် သောက်ဆေး၊ ထိုးဆေးသည် အဓိက အရေး ကြီးပြီး သွေးချိုပမာဏ ပုံမှန် ထိန်းထားရန် လိုအပ်ကြောင်း သိရသည်။ ဆီးချိုဆေးကို ပုံမှန် မသောက်နိုင်ပါက ဆီးချို နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ကျောက်ကပ် ပျက်စီးခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း အထူးကု ဆရာဝန် တစ်ဦးက ဆိုထားသည်။
ထို့ပြင် ဆီးချိုထိုးဆေး အင်ဆူလင်ဆေးရည်သည် Cold chain system ဖြင့် ထားရပြီး အပူချိန် ၂ မှ ၆ ဒီဂရီအတွင်း ရေခဲသေတ္တာအတွင်း သိမ်းဆည်းရမည်ဖြစ်ကာ အရည်အသွေး အထူးဂရုစိုက်ရသည့် ဆေးအမျိုးအစား ဖြစ်ကြောင်းလည်း သိရသည်။
“လောလောဆယ်တော့ လိုက်ရှာမယ်ဆို ရနိုင်သေးတယ်။ နောက်တစ်ခု အခက်အခဲက ဘာရှိလဲဆို အင်ဆူလင်ဖြစ်လို့ Cold chain နဲ့ ရှာဝယ်ရတယ်။ စွတ်လည်းမမှာရဲဘူးး။ ကုန်ကျစရိတ် တွက်ရမှာရှိတယ်။ လောလော ဆယ်တော့ ဈေးကွက်ထဲမှာ လိုက်ရှာရင် ဈေးကြီးပေးပြီး ဝယ်ရင်ရနိုင်တဲ့ အနေအထား တစ်ခုနဲ့ ဖြတ်သန်းနေတယ်”ဟု ဆီးချိုရောဂါသည် မိခင်ကို ပြုစုနေသည့် ကိုမြတ်သူက ဆိုသည်။
ဆီးချိုရောဂါသည်များသည် အင်ဆူလင် ဆေးရည်ကို တစ်နေ့သုံးကြိမ် ထိုးရသည့် အတွက်ကြောင့် ပုံမှန်အားဖြင့် ဆေးကို နှစ်ပတ်စာမှ တစ်လစာ အထိ ကြိုဝယ်ထားလေ့ ရှိကြသည်။
ထိုသို့ တစ်လစာ ကြိုဝယ်ထားလည်း အရေးကြုံ ဆေးကုန်ပြီဆိုလျှင် ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များတွင် လိုက်ရှာ ဝယ်ယူကြရသည်။
“ပုံမှန်ဝယ်မရတဲ့ အခြေအနေဖြစ်သွားတော့ ကျွန်တော်တို့က ရှိသမျှဆိုင်တွေမှာ လိုက်ရှာရတယ်။ ရတော့ ရလာတယ်။ ဈေးကတော့ တော်တော်ဈေးကြီးကြီး ပေးရတယ်”ဟု ကိုမြတ်သူက ပြောသည်။
(၂)
အကန့်အသတ်ဖြင့်ဝယ်ယူနေရတဲ့ကျန်းမာရေး
==========
စစ်အာဏာသိမ်း ကာလ သုံးနှစ် နီးပါးတွင် ပြည်သူများသည် စီးပွားရေး ကျပ်တည်းမှု၊ လစာ ဝင်ငွေ လျော့ပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်အတူ ကျန်းမာရေး ကဏ္ဍတွင်လည်း ခက်ခဲ ပင်ပန်းကြီးစွာ ရင်ဆိုင်နေကြရသည်။
အစစရာရာဈေးနှုန်းများ မြင့်တက်ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်း ဈေးနှုန်းများကလည်း ရပ်ကျန်နေခြင်းမရှိဘဲ တဟုန်ထိုး လိုက်ပါမြင့်တက်လျက်ရှိသည်။
နာတာရှည် ရောဂါသည်များ နှင့် ကင်ဆာ ဝေဒနာရှင်များသည် နေ့စဉ် သောက်သုံးရသည့် ဆေးကိုပင် အလုံးရေ ကန့်သတ်ဖြင့် ဝယ်ယူရသည်။ ကိုတာ (Quota) စနစ်ဖြစ် ဝယ်ယူနေရခြင်း ဖြစ်သည်။
“ကိုယ်ပိုက်ဆံရှိလို့ ဆေးဝယ်ချင်ရင်တောင် ၁၀ ဘူး၊ ဘူး၂၀ ဝယ်မရဘူး။ တစ်ယောက်ကို ကိုတာနဲ့ နှစ် ဘူးလောက်ပဲ ရောင်းတာ။ အမေ့အတွက် အမြဲသုံးနေရတာ ဆရာဝန် လက်မှတ်ပါတယ်။ အမေက အမြဲရှူနေရလို့ ပြောပြီး ဝယ်တာတောင် အလွန်ရော အကျွံရော သုံးဘူးပဲပေးတယ်။ အဲဒါက ထိန်းချုပ်ဆေး မဟုတ်ဘူး။ တားမြစ်ဆေး မဟုတ်ဘူး။ ဆရာဝန်လက်မှတ် မလိုတဲ့ဆေး။ တော်ရုံတန်ရုံ ဆေးဆိုင်မှာ မရှိဘူး။ ကိုယ်လိုသလောက် မရဘူး”ဟု ပန်းနာရင်ကျပ်နှင့် အဆုတ်ကင်ဆာဝေဒနာ သည်မိခင် ကို ပြုစုနေရသည့် မနုနုက ပြောပြသည်။
ပန်းနာရင်ကျပ် ဝေဒနာရှင်များ သုံးရသည့် Budicort ဆေးရည် ငါးလုံးပါသည့် ဆေးဘူး တစ်ဘူးကို ယခင် ကျပ် ၁၁၀၀၀ ဝန်းကျင်မှ ယခုရက်ပိုင်း အတွင်း ၄၀၂၅၀ ကျပ် ပေးရကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် အင်ဆူလင် ထိုးဆေးကို ယခင်က ကျပ် ၃၇၀၀၀ သာပေးရသော်လည်း ယခုတွင် ၄၅၀၀၀ ကျပ်ပေးရကာ ဈေးနှုန်း များစွာမြင့်တက်သွား ကြောင်း ကိုမြတ်သူက ပြောဆိုသည်။
“အရင်က ဘယ်မှာဝယ်ဝယ် ဒီဈေးပဲ။ အခုက ဈေးမတည်ငြိမ်ဘူး။ အရင်က ငွေဈေး အပြောင်းအလဲ နည်းနည်း ရှိတဲ့ အခါမှာတောင် အင်ဆူလင်က ဈေးခုန်တက်တာမဖြစ်ဘဲ အခုချိန်မှာကြုံနေရတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
NLD အစိုးရ ခေတ်တွင် အထူးကု ဆေးရုံဆေးခန်းများရှိ သက်ဆိုင်ရာ အထူးကု ဆရာဝန်များဖြင့် ရောဂါပြသပြီးက လိုအပ်သည့် ဆေးကို အပြင်ဆေးဆိုင်များကနေ ဝယ်လေ့ရှိကြသည်။ ယခုမူ ယင်းဆေးရုံမှာပင် အပြင်ထက်ဆေးကြီးပေးကာ ဝယ်ယူနေကြရသည်။
နှလုံး သွေးကြောကျဉ်း ဝေဒနာခံစားနေရသူ ဒေါ်စန်းစန်းက“အရင်ကဆို ဆေးခန်းပဲ ပြလိုက်တယ်။ ဆေးကိုအပြင်မှာဝယ်တယ်။ သူတို့ဆီမှာ ဈေးကြီးလို့။ အခုကျတော့ အပြင်မှာ ဆေးရှာမရမှာ စိုးလို့ သူတို့ဆီမှာပဲ ဈေးကြီးပေး ဝယ်လိုက်ရတယ်။ ဆေးတစ်မျိုးကို အပြင်နဲ့ဆို အနည်းဆုံးကျပ် ၂၀၀ ကနေ ၅၀၀ နီးနီး ကွာတယ်”ဟု ပြောသည်။
ဒေါ်စန်းစန်းက အဆီကျဆေး၊ နှလုံးထိန်းဆေး၊ အားဆေး အပါအဝင် သွေးကြဲဆေးများ ပုံမှန်သောက်သုံး နေရသူ ဖြစ်သည်။
ပြီးခဲ့သည့်လပိုင်းက Candelong 4 mg ဆေးအမျိုးအစား ပြတ်လပ်သွားသဖြင့် ရုတ်တရက် သွေးတက်သွားကြောင်း ၎င်းက ပြောပြသည်။
“ဆေးကုမ္ပဏီရဲ့ ပါမစ်တစ်စောင်မှာ တန်ဖိုးရှိတယ်။ သွင်းတဲ့ကုန်ပေါ်မှာ အရေအတွက် ကန့်သတ်ထားသေးတယ်။ တကယ့် လိုအပ်ချက်က ၅၀၀၀ လောက်ရှိမယ်။ သွင်းခိုင်းတာက ၁၅၀၀ နဲ့ ဆေးလာတဲ့လမ်းကြောင်း (ကွန်တင်နာ) ၃ လလောက် ကြာတော့ သူရဲ့အကျိုးအမြတ်က နည်းတယ်။ ကုမ္ပဏီက ဆေးရတာနည်းတော့ ပစ္စည်းပြတ်တတ်တော့ ရောင်းတဲ့သူကလည်း ဈေးတင်ရောင်းကြတယ်”ဟု မင်္ဂလာဈေးရှိ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသူ တစ်ဦးက ဆိုသည်။
(၃)
ဆေးဝါးမရရှိခြင်းပြဿနာ
======
လက်ရှိ အချိန်တွင်လည်း လိုင်စင်ရ ကုမ္ပဏီများက အဓိက တင်သွင်းပြီး အချို့ဆေးများကို နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တဆင့် သွင်းယူကြောင်း အထက်ပါ မင်္ဂလာဈေးရှိ ဆေးနှင့် ဆေးပစ္စည်း ရောင်းချသူက ပြောကြားသည်။
“ဆေးက မြန်မာနိုင်ငံမှာ ထုတ်တာမရှိဘူး။ နယ်စပ်ကနေပဲ အကုန်သွားရတာ။ ဆေးဝါး လိုအပ်မှုကရှိမှာပဲ။ တကယ် ရှားပါးပြီ ဆိုရင် နာတာရှည်ရောဂါ၊ ရောဂါကြီးတွေ ခွဲခန်းသုံး အတွက်ကတော့ နယ်စပ်ဆေးတွေက အရေးကြီးတယ်။ တရားဝင်က စာရွက် စာတမ်းကိစ္စ အရမ်းရှုပ်တော့ နယ်စပ် ကုန်သွယ်ရေးကိုပဲ အားကိုးရတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီက နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနေပြီး ပြင်ပသွင်းကုန် လိုင်စင်များကို ကန့်သတ်ထားရာတွင် ဆေးပစ္စည်း လုပ်ငန်း လိုင်စင်များလည်း ပါဝင်သည်။
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်အသင်းထံ American Chamber နှင့် အိန္ဒိယနိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်း တင်သွင်းမှုဆိုင်ရာများ၊ သွင်းကုန်လိုင်စင် ဆိုင်ရာများ အပါအဝင် ငွေပေးချေမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း အဆိုပါ အသင်းထံက သိရသည်။
ထို့ပြင် အာဏာရှင် ခုခံတော်လှန် စစ်ပွဲများက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တည်ရှိရာ မြို့များတွင်လည်း ဖြစ်ပွားနေသည်။
မြန်မာ-ထိုင်း နယ်စပ် မြဝတီ နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ-တရုတ် နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်း၊ မြန်မာ ဘင်္ဂလာဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး နှင့် အိန္ဒိယ နယ်စပ်ဂိတ်များ ပိတ်ထားရခြင်းက အကြောင်းတစ်ခုပင် ဖြစ်သည်။
လက်ရှိတွင် ဆေးကုမ္ပဏီများ တရားဝင် တင်သွင်းသည့် ဆေးများ ပြတ်ချိန်တွင် ကုန်သည်များက လိုင်းပစ္စည်း (နယ်စပ်) မှ တင်သွင်းကာ ထုတ်လုပ်သည့် ကုမ္ပဏီ မတူသော်လည်း ဆေးအာနိသင်တူ ဆေးဝါးများ တင်သွင်းလျက် ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသူတစ်ဦးထံက သိရသည်။
“ဆေးက အတုဆိုတာ မရှိဘူး။ ကုမ္ပဏီတွေက သူတို့ဆေး မသုံးမှာစိုးလို့ သူတို့က လိုင်စင်ကြေး ပေးထားရတယ်။ အခွန် ဆောင်ရတယ်။ အပြင်မှာ လိုင်းပစ္စည်းလုပ်တဲ့ ကုန်သည်တွေက နယ်စပ်ကနေ သွင်းလာတော့ လိုင်းသမားက အခွန် မဆောင်ပေမယ့် လမ်းမှာအဆင့်ဆင့် ပေးရကမ်းရရှိတယ်။ သောက်သုံးမယ့်သူလည်း ရှိတော့ သွင်း ကြတယ်”ဟု ဆေးနှင့်ဆေးပစ္စည်း ရောင်းချသူက ဆိုသည်။
သို့ရာတွင် ဆေးဝါးများ၏ အရည်အသွေးက ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းပေါ် မူတည်ပြီး အရည်အသွေး ကွာခြားမှု ရှိကြောင်း သိရသည်။
ထို့ကြောင့် ဝေဒနာရှင်များက သောက်နေကြ ဆေးများကိုပဲ ဝယ်ယူ သောက်သုံးခြင်း ဖြစ်သည်။ ပုံမှန်သောက်နေကြ ဆေးမရှိသည့် အတွက်ကြောင့်သာ အလားတူ ဆေးများကို သောက်သုံးရခြင်း ဖြစ်သည်။
ကိုမြတ်သူက“တရားဝင်ဈေးကွက် မဟုတ်တာကနေ ဝင်လာတာ ရှိကောင်း ရှိနိုင်တယ်။ ကျွန်တော်တို့က ဘာကိုစိတ်ပူလဲဆိုရင် ဈေးမတရားကြီးနေတယ်။ နောက်တစ်ခုက သူရဲ့ အရည်အသွေးက စိတ်ချရမှာလား။ စိုးရိမ်ပူပန်မှု ရှိတယ်” ဟု ပြောဆိုသည်။
ပန်းနာ ရင်ကျပ်နှင့် အဆုတ်ကင်ဆာ ရောဂါသည် မိခင်ကို ပြုစုနေရသူ မနုနု ကလည်း ဆေးရုံသွားရန် စရိတ်မရှိ၍ ဆေး မကုနိုင်တော့သည့် လူနာများလာကြောင်း ပြောပြ သည်။
“တချို့သူတွေ သောက်ရတဲ့ဆေးက ဈေးကြီးတယ်။ သာမန် စားသောက်ကုန်တွေတောင် တက်နေတာ ဆေးတွေ က ပိုဈေးတက်တယ်။ ကင်ဆာကုနေရင်း ပိုက်ဆံမတတ်နိုင်တာ့လို့ အစိုးရဆေးရုံမှာ ဓာတ်ကင်နေရင်း ဆေးရုံသွားဖို့၊ ဖောင်တင်ဖို့၊ လမ်းစရိတ်၊ စားရိတ်မရှိတော့လို့ ဆေးမကုနိုင်တော့တဲ့ လူနာတွေများလာပြီ”ဟု မနုနုက ပြောပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်သည် နိုင်ငံပေါင်း ၁၉၀ ကျော်တွင် အဆင့် ၁၁၀ ဖြစ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
(၄)
စစ်အာဏာရှင်လောင်းရိပ်အောက်က ကျန်းမာရေး
==========
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အရပ်သား အစိုးရထံမှ အဓမ္မ အာဏာသိမ်းယူ လိုက်ရာ ဆန့်ကျင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး ဆန့်ကျင်သူများကို အကြမ်းဖက် ဖြိုခွဲ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။
ထိုအချိန်က စစ်အာဏာရှင် ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ရာတွင် ဆရာဝန်၊ သူနာပြုများ အပါအဝင် ကျန်းမာရေး ဝန်ထမ်းများက အစောဆုံး ပါဝင် လှုပ်ရှားသူများ ဖြစ်ခဲ့သည်။
နိုင်ငံတဝန်း ကျန်းမာရေး ဝန်ထမ်း တစ်သိန်း(၁၀၀,၀၀၀) ကျော်ရှိရာမှ CDM လှုပ်ရှားမှုတွင် ခြောက်သောင်း(၆၀,၀၀၀)ခန့် ပါဝင်နေမှုကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ကျန်းမာရေး CDM ပြည်သူ့ ဝန်ထမ်းဦးရေ လေးသောင်းငါး ထောင်ကျော် (၄၅,၁၆၉ ဦး) ရှိနေကြောင်း CDM Medical Network (CDMMN) ကလည်း ထုတ်ပြန် ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းချိန်ကတည်းက စတင်၍ ကျန်းမာရေးဝန်ထမ်း ၈၈၀ ထက်မနည်း ဖမ်းဆီးခံရပြီး ၉၇ ဦး သေဆုံးကာ ၁၁၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့ကြောင့် လူနာများ၏ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် လျော့ပါး စေခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတော်လှန် စစ်ပွဲများလည်း ဖြစ်ပွားလားရာ ကျန်းမာရေးနှင့် သက်ဆိုင်သော နေရာ တစ်ထောင်ကျော် (၁၀၈၇) ထိခိုက်မှု ရှိခဲ့သည်ဟုလည်း ဆိုသည်။
လက်ရှိ အချိန်အထိ စစ်ပွဲများကြောင့် မြန်မာနိုင်ငံ တစ်ဝန်း နေရပ်စွန့်ခွာသူ ဦးရေ နှစ်ဒသမခြောက်သန်း (၂,၆၀၀,၀၀၀) ကျော် ရှိပြီ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် UNOCHA ရုံးက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆေးဝါးများရှားပါးပြတ်လပ်မှု ၊ ဆေးကို အဆမတန် စျေးကြီးပေးဝယ်ရမှု များနှင့်အတူ မြန်မာ့ကျန်းမာရေးစနစ် တဟုန်ထိုး ကျဆင်းလာပြီး ဆရာဝန်ရှားပါးခြင်း၊ အရပ်သားပြည်သူများ၏ ကျန်းမာရေး ရပိုင်ခွင့် ဆုံးရှုံးခြင်းများကို ပိုမိုကြုံတွေ့လာနေရသည်။
မြန်မာနိုင်ငံတွင် ဆေးရှိသော်လည်း ငွေမရှိ၍ ဆေးမဝယ်နိုင်သူများ၊ ငွေရှိသည့်အတွက် ဆေးကို ဈေးအဆ မတန် ပေးဝယ်နေရသူများ၊ ဆေးလည်းမရှိ ငွေလည်း မရှိ၍ ဆေးမဝယ်နိုင်သူများ စသည်ဖြင့် ကျန်းမာရေးအတွက် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေ ရသည်။
#စစ်အာဏာရှင်လောင်းရိပ် #မြင့်တက်ရှားပါးလာသောဆေးဝါးများ #ဆောင်းပါး #Ayeyarwaddy_Times