ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ရက်

ရန်ကုန်တိုင်း အင်းစိန်ဘူတာရှိ လျှပ်စစ်ဌာနတွင် တာဝန်ကျနေသည့်ဟင်္သာတမြို့ခံ မီးရထားဝန်ထမ်းတစ်ဦးအား တော်လှန်ရေးအဖွဲ့များကိုထောက်ပံ့နေသည်ဟု အကြောင်းပြကာ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

အင်းစိန်ဘူတာ လျှပ်စစ်ဌာနတွင်တာဝန်ကျနေသည့် ဟင်္သာတမြို့ခံမီးရထားဝန်ထမ်း ကိုဖေဝင်းထွန်းဆိုသူကို တော်လှန်ရေးအဖွဲ့များအားထောက်ပံ့နေသည်ဟု အကြောင်းပြကာ ရဲတပ်ဖွဲ့က ဇန်နဝါရီလ၁၂ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀ (ည)ဖြင့် အမှုဖွင့်ကာ င်္ဟသာတမြို့နယ်ရဲစခန်းတွင် စစ်ဆေးနေကြောင်း ဟင်္သာတမြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်များထံကသိရသည်။

“ ကိုဖေဝင်းထွန်းအဖမ်းခံရတာဟုတ်တယ်။အင်းစိန်ဘူတာလျှပ်စစ်ဌာနကရုံးဝန်ထမ်း။ အရင်ကဆန္ဒပြတာတွေလည်း ရှိခဲ့တာရယ် Kpayကနေတဆင့်PDFတွေကိုထောက်ပို့လုပ်နေတာရယ်ပေါ့။နောက်ပြီးဖရဲသီးလုပ်နေတာပါတွေ့တာနဲ့ ဖမ်းတာ။အခုဟင်္သာတရဲစခန်းမှာစစ်ကြောရေးလုပ်နေတယ်။အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ထားတယ်”ဟုဟင်္သာတမြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့သို့ဖမ်းဆီးခံရသည့် မီးရထားဝန်ထမ်းကိုဖေဝင်းထွန်းဆိုသူမှာ စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှစ၍ ခြောက်လကြာအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ယခင်တာဝန်ကျသည့် ဟင်္သာတဘူတာမှ အင်းစိန်ဘူတာသို့ လျှပ်စစ်ဌာနဝန်ထမ်းအဖြစ် ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။

“ ကိုဖေဝင်းထွန်းကအရင် CDMလုပ်ခဲ့တယ်။ဆန္ဒပြတာလည်းပါခဲ့တော့ တမင်ချောက်ချပြီးဖမ်းတာလို့ထင်တယ်။နောက်ပြီးတော့ CDMကနေ Nonပြန်လုပ်ပြီးတော့ အင်းစိန်ဘူတာကို အပြောင်းခံရတုန်းကလည်း စရဖတွေ အိမ်ကိုလာပြီးမေးတာရှိတယ်။ဖရဲသီးလုပ်တာတို့ တော်လှန်ရေးအဖွဲ့တွေကို ကူတာတို့တော့မသိဘူး။အခုအဖမ်းခံရတဲ့သတင်းကြားတော့ မိသားစုဝင်တွေ အကုန်မြို့ထဲကရှောင်နေကြတယ်”ဟု ဖမ်းဆီးခံရသူကိုဖေဝင်းထွန်း၏မိသားစုနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းကလည်း CDM လုပ်ထားသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား လိုက်လံစုံစမ်းရန် ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား ညွှန်ကြားခဲ့၍ CDMပညာရေးဝန်ထမ်းနှစ်ဦးဖမ်းဆီးခံရကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့်အမှုဖွင့်ခံထားရသည်။

#အင်းစိန်ဘူတာ#ဟင်္သာတမြို့ခံ မီးရထားဝန်ထမ်း#အကြမ်းဖက်ပုဒ်မဖြင့်အမှုဖွင့်ခံရ

#Ayeyarwaddy_Times