နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
အာဏာသိမ်းကာလ သုံးနှစ်နီးပါး ကြာမြှင့်လာသည်နှင့်အမျှ တစ်နေ့တခြား ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ကောင်စီကို ၎င်းတို့ ပြုလုပ်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား အေးချမ်း၊ အဆင်ပြေမည့် နေရာ ဒေသများတွင် အရင်ပြုလုပ်ပေးရန် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်-UEC နှင့် စစ်ခေါင်းဆောင် ပြင်ဆင်ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၂)ပါတီတို့ သည် ယမန့်နေ့ ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အကြံပြုချက်စာတမ်း တင်ပြဖတ်ကြားရာတွင် ထိုကဲ့သို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
“တချို့တင်ပြတဲ့အထဲမှာ ဘာပါသလဲဆိုရင် ဥပမာ- ရန်ကုန်တိုင်းလို နေရာမျိုးက အေးချမ်းတယ်လို့ ပြောလို့ရတာပေါ့လေ။ အေးချမ်းတယ်ဆိုရင် အဲဒီလို အဆင်ပြေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကို အရင်လုပ်လိုက်၊ ပြီးတော့မှ အခက်အခဲတွေ့နေတဲ့ နေရာတွေ၊ ပြဿနာဖြစ်နေတဲ့ နေရာတွေ အဲဒီနေရာကို နောက်ပိုင်းမှာလုပ်ဖို့ ဒါကတော့ အခြားနိုင်ငံတွေလည်း အဲဒီလိုပဲ လုပ်ကြတာတွေ့တယ်” ဟု ဒီမိုကရက်တစ်(မြန်မာ)ပါတီ ဥက္ကဌ ဒေါ်သန်းသန်းနုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေးပါတီများက တင်ပြလာသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းများကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ၎င်းတို့အနေဖြင့် သေချာလေ့လာဖတ်ရှု၍ တင်ပြချက်၊ လိုအပ် ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပြီး တချို့လိုအပ်ချက်များကိုမူ စစ်ခေါင်းဆောင်ထံ ဆက်လက်တင်ပြကာ အကျိုးအကြောင်း ပြန်ကြားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
“များသောအားဖြင့် အဲဒီစာတမ်းကလည်း ဘယ်အပေါ်မှာ မီးမောင်းထိုးပြသလဲဆိုရင် ကျွန်မတို့ လုံခြုံရေးပေါ့နော်။ လာမယ့် ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ လုံခြုံရေး၊ ရွေးကောက်ပွဲ မလုပ်ခင်လည်း ဥပမာ- မဲဆွယ်တဲ့ ကိစ္စတွေမှာ လုံခြုံရေး။ လုံခြုံရေးဆိုတာက ကျွန်မတို့တင် မဟုတ်ဘူး၊ ပြည်သူတွေအတွက်လည်း လုံခြုံရေးလိုတယ်ဆိုတာ အဲဒါတွေကိုတော့ မီးမောင်းထိုးပြတယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။
စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၆၅ ပါတီရှိသည့်အနက် ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး များမကြာမီ နှစ် ပါ တီအား ပြန်ဖျက်သိမ်းခဲ့ခြင်းကြောင့် လက်ရှိတွင် နိုင်ငံရေးပါတီ ၄၅ ပါတီရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးပါတီများက တင်ပြလာသော ပါတီဝင်အင်အား စာရင်းများကို သက်ဆိုင်ရာဌာနများ၊ ပါတီတာဝန်ခံ ကိုယ်စားလှယ်များနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအ မှတ် မပြည့်စုံသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ထပ်နေသူများ တွေ့ရှိရကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် နိုင်ငံသားစိစစ်ရေး ကတ်အမှတ်နှင့် အမည်ကွဲလွဲသူများ၊ မြို့နယ်ကုတ် လွဲမှားနေသူများ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နေရပ်လိပ်စာ ပြည့်စုံခြင်းမရှိသူများ၊ ဥပဒေနှင့်အညီ နေထိုင်သူစာ ရင်း၌ မရှိသူများ အစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ပါတီဝင်အင်အား စာရင်းများကို သက်ဆိုင်ရာပါတီများသို့ ပေးပို့၍ သတ်မှတ်ရက်အရောက် ပြန်လည်စိစစ် ပြင်ဆင်ပေးပို့ရေး အကြောင်းကြားခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများအရ သိရသည်။
“တစ်ခါတစ်လေ ကျွန်မတို့က ပါတီဝင်အင်အား စိစစ်တင်လိုက်ပေမယ့် သူတို့က(UEC) ဖျက်လိုက်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီလူက မြေပြင်မှာ မရှိဘူးတဲ့၊ ကျွန်မတို့က ရှိတယ်။ အဲဒီလို အငြင်းပွားမှုတွေ တော့ ရှိတယ်။ အဲဒီလိုတစ်ခုခု လွဲမှားနေတာတို့၊ ကွဲပြားနေတာတို့ ရှိလို့ရှိရင် ကျွန်မတို့ကတော့ တိုက်ရိုက်တစ်ခါတည်း နေပြည်တော်ကို လှမ်းပြီးအကြောင်းကြားလိုက်တယ်။ ဒါကျွန်မတို့ပါတီ လုပ်တဲ့အကြောင်းကို ပြောပြတာနော်” ဟု ဒီမိုကရက်တစ်(မြန်မာ)ပါတီ ဥက္ကဌ ဒေါ်သန်းသန်းနုက ပြောသည်။
စစ်ခေါင်းဆောင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က ပြင်ဆင်ပြဌာန်းခဲ့ပြီး ထိုဥပဒေသစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီဖြစ်ပါက နိုင်ငံရေးပါတီအ ဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှ ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း(၁၀၀,၀၀၀)ကို စည်းရုံးရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိအထိ ရက်ပေါင်း ၉၀ ပြည့်သည့်အချိန်တွင် နိုင်ငံရေးပါတီ ၃၅ ပါတီအနက် ၂၈ ပါတီသာ သတ်မှတ်အင်အား ပြည့်မီသည်ကို တွေ့ရှိရပြီး ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင်လည်း ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည့် နိုင်ငံရေးပါတီ ၃၂ ပါတီအနက် ၁၉ ပါတီသာ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
ထို့ကြောင့် ပါတီဝင်အင်အားနှင့် ရုံးခန်းဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်နှင့်အညီ ပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် ပါတီရုံးခန်း ဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ် တင်ခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက် ရရှိရေးအတွက် ညှိနှိုင်းအကြောင်းကြားထားသည်ဟု UEC က ဆိုထားပြီး သတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းမည်ဖြစ်ကြောင်း သိရ သည်။
“ကျွန်မတို့က ပါတီရုံးတစ်ခု ဖွင့်မယ်ဆိုရင် စည်ပင်ကိုလည်း သွားမေးရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စည်ပင်က မသင့်တော်ဘူးလို့ ကန့်ကွက်မယ့် နေရာမျိုးမှာ ဖွင့်မိမှာဆိုးလို့၊ အဲဒီလို သဘောမျိုးပေါ့။ တချို့ဟာ တွေကျတော့လည်း အဆင်မပြေဘူး။ မပြေဘူးဆိုတာက ပါတီရုံးဖွင့်ဖို့ စည်ပင်က အဆင်ပြေတယ် ဆိုတာတောင်မှပဲ ကိုယ့်ပတ်ဝန်းကျင်ဒေသက ကြိုက်လားမကြိုက်လား ရှိသေးတယ်လေ။ အဲဒီတော့ အဲဒါတွေလိုက်ပြီး ညှိရတာတို့ဘာတို့ဆိုတော့ အခက်အခဲတော့ ရှိတာပေါ့” ဟု ဒေါ်သန်းသန်းနုက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများကို မဲများသူ အနိုင်ယူစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ် ကောင်စီက အဆိုပါစနစ်အား ပယ်ဖျက်ကာ အချိုးကျကိုယ်စားပြုစနစ်-PR ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ကြိုးပမ်းနေကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- UEC နှင့် နိုင်ငံရေးပါတီများ ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံမှု
#အဆင်ပြေမည့်နေရာဒေသများ #ရွေးကောက်ပွဲပြုလုပ်ပေးရန် #စစ်ကောင်စီရွေးကောက်ပွဲဝင် #နိုင်ငံရေးပါတီများတောင်းဆို
#Ayeyarwaddy_Times