
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတရားမဝင်ငွေလွဲလုပ်ငန်းဟွန်ဒီလုပ်သူ ၂၀ ဦးကို သက်ဆိုင်ရာဥပဒေများနှင့်အညီ တရားစွဲဆိုထားပြီး အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ငွေကြေး ဆိုင်ရာစုံစမ်ထောက်လှမ်းရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး သံသယရှိဖွယ် တရားမဝင်ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူ ၉၉ ဦးကိုစစ်ဆေးရာတွင် ၂၀ ဦးသည် ဥပဒေအရအရေးယူခြင်းခံရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီအာဏာသိမ်းထား၍ စီးပွားရေးကြပ်တည်းချိန်တွင် ဟွန်ဒီလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်သူများပြားလာကြောင်း၊ ပြည်ပထွက်အလုပ်လုပ်သူများက ဟွန်ဒီကို အဓိကထားသုံးကြကြောင်း အသေးစားငွေလဲလုပ်သူ တစ်ဦးက ဆိုသည်။
” ဟွန်ဒီက စစ်တပ် အာဏာသိမ်းထားလို့ပြန်ပေါ်လာတာ အများကြီးဖြစ်လာတာပေါ့။ ကိုယ့်သိတဲ့လူအချင်းချင်းလက်ဆင့်ကမ်းလွဲပေးကြတာမျိုး။ ဟွန်ဒီကပိုလွယ်တယ်လေ ဘဏ်ကိုသွားစရာမလိုတော့ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါအရေးယူခံရသူများတွင် ပြည်ပအလုပ်သမားများထံမှ လစာများကိုတရားမဝင်လွဲပြောင်းပေးသူ ကိုး ဦး၊ကုန်ပစ္စည်းဝယ်ယူရာတွင် တရားမဝင်ငွေလွှဲပြောင်းပေးသူ သုံးဦးနှင့် နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေသို့ ငွေလွှဲပေးသူ ရှစ်ဦးပါဝင်ကြောင်းသိရသည်။
” အခုတော့ငွေလွဲလို့အဆင်ပြေသေးတယ်။ ခက်ခဲတာမရှိဘူး။ သူတို့ဘယ်လောက်အထိကြပ်မလဲတော့မသိဘူး ” ဟု ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတစ်ဦးက ပြောကြားသည်။
ယင်းပြင် တရားမဝင် ဟွန်ဒီလုပ်ငန်းဆောင်ရွက်သူများကို ဆက်လက်ဖော်ထုတ်ပြီး တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်သည်။
ပြည်ပနိုင်ငံရှိ မြန်မာအလုပ်သမားများရရှိသော အခြေခံလစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်များမှတဆင့် မိသားစုထံငွေလွဲရန်၊ ဝင်ငွေရရှိမှုပေါ်မူတည်ပြီး ဝင်ငွေ နှစ်ရာခိုင်နှုန်းဆောင်ရန် စစ်ကောင်စီက တင်းကြပ်လျက်ရှိသည်။
- ဓာတ်ပုံ – လူမှုကွန်ရက်
#ဟွန်ဒီလုပ်သူ၂၀ဦး #စစ်ကောင်စီတရားစွဲ #ဗဟိုဘဏ် #Ayeyarwaddy_Times