
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီးကျေးရွာများအတွင်းသို့ ပမ္မဝတီရေတပ်မှအင်အား ၄၀ဖြင့် ဝင်ရောက်၍ မှတ်ပုံတင်စမတ်ကဒ်မလုပ်ထားသည့် ဒေသခံ၅၀ ကျော်ကိုစစ်ဆေးရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဟိုင်းကြီးကျွန်းမြို့အနီး ငပြေမကျေးရွာအတွင်းသို့ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်၁၀နာရီဝန်းကျင်က ပမ္မဝတီရေတပ်မှစစ်ကောင်စီတပ်အင်အား၄၀ ဝန်းကျင်ဖြင့် ဝင်ရောက်ကာဧည့်စာရင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံကသိရသည်။
“ မနေ့ကစစ်သားတွေ ယောက်၄၀လောက်တော့ရှိမယ်။ စစ်ကားတွေနဲ့ကျွန်တော်တို့ငပြေမရွာကိုအရင်ဝင်တာ။ပြီးမှမရမ်းကွင်း၊ကုန်းတန်းနဲ့ကညင်ဘက်ကိုနောက်မှဝင်တာ။ ရွာမှာတော့ဧည့်စာရင်းစစ်သွားတယ်။ မှတ်ပုံတင်စမတ်ကဒ်တွေလုပ်ထားတယ်ဆိုတော့အရိုက်မခံရဘူးပေါ့။ အခြားရွာတွေမှာတော့ရိုက်စစ်ခံရတာတော့ရှိတယ်”ဟု ငပြေမကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မရမ်းကွင်းရွာ၊ကုန်းတန်းရွာနှင့်ကညင်ချောင်းရွာများအတွင်းသို့ ယမန်နေ့ နေ့လည် ၁၁နာရီမှ ညနေ ၅နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်မှဝင်ရောက်ခဲ့ပြီး ပုသိမ်-မော်တင်ကားလမ်းမအနီးနေထိုင်သည့် ဒေသခံ၅၀ ဦးထက်မနည်းကို မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ထားခြင်းမရှိဟု အကြောင်းပြကာ ရိုက်နှက်ပြီး တစ်ဦးလျှင် ငွေသုံးသောင်းကျပ် တောင်းယူသွားခဲ့ကြောင်း ကိုင်တိုင်ကြုံတွေ့ခဲ့ရသည့် ကျေးရွာဒေသခံများထံက သိရသည်။
“ တနေကုန်စစ်တပ်တွေဝင်မွှေသွားတယ်။ ပုသိမ်-မော်တင်လမ်းအနားမှာ နေတဲ့သူတွေဆိုရင် မှတ်ပုံတင်စမတ်ကဒ်မလုပ်လို့ဆိုပြီးတော့အရိုက်ခံရတယ်။ ကျွန်မအဒေါ်ဆိုပါးတွေအရိုက်ခံရတာ။ ယောက်ကျားလေးတွေဆိုရင်အထိုးပါခံရတယ်။ မှတ်ပုံတင်မလုပ်တဲ့သူဆိုရင် တစ်ယောက်ကိုသုံးသောင်းတောင်းတယ်။ မြို့ထဲကလဝကရုံးမှာ မှတ်ပုံတင်လာလုပ်ခိုင်းတယ်”ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကညင်ချောင်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
အလားတူဟိုင်းကြီးကျွန်းမြို့အနီးကျေးရွာများသို့ ဇန်နဝါရီလပထမအပတ် ကလည်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီး(ပြည်သူ့စစ်) တို့မှ စစ်ကြောင်းထိုးဝင်ရောက်ကာ စိုက်ပျိုးချေးငွေ သိန်းရာချီ တောင်းယူခဲ့သေးသည်။
#ဟိုင်းကြီးကျွန်းတွင် #မှတ်ပုံတင်စမတ်ကဒ် #မပြုလုပ်သည့် #ဒေသခံ၅၀ဦး #စစ်ဆေးရိုက်နှက်
#Ayeyarwaddy_Times