
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့တို့ ဇန်နဝါရီ ၁၁ ရက်နေ့က ချက်ချင်း အပစ်ခတ် ရပ်စဲရေးသဘောတူ ညီမှုလက်မှတ်ရေးထိုးခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့တည်ရှိသည့် ကျောက်မဲမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိကြောင်း သိရသည်။
ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ-၅၀၁၊ ၅၀၂ တို့မှ TNLA တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန် ထားသည်။
TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးကုန်းအနီးရှိ ပြည်သူများ စစ်ဘေးသင့်မည်ကို ရှောင်ရှား၍ စခန်းကို ယာယီဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့်အတူ MNDAA ၊ TNLA ၊ AA ညီနောင်မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့၌ပင် ရှမ်းမြောက် အတွင်းရှိ တိုက်ပွဲများအားလုံးကို ရပ် ဆိုင်းကာ ချက်ချင်း အပစ်ခတ် ရပ်စဲရေး အပါအ၀င်သဘော တူညီမှုစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီအချိန်ခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်း အပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့၀င်အချင်းချင်းကြား တွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာပါက တွေ့ဆုံဆွေး နွေးမှု လမ်းစဉ်ဖြင့်ဖြေရှင်းရေး စသည့်အချက်များ အပေါ် သဘောတူညီမှုများရရှိခဲ့ကြကြောင်း သိရ သည်။
ယင်းသို့ လက်မှတ်ရေးထိုးပြီးသည့်နောက် ဇန်နဝါရီ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီက ရှမ်းမြောက်ရှိ မိုးကုတ်၊ ကျောက်မဲနှင့် လားရှိုးမြို့တို့ကို လေကြောင်း မှဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်မှုများပြုလုပ်ခဲ့ပြီး စစ်ကောင်စီသည် ယခုတစ်ကြိမ်အပါအ၀င် အပစ်ခတ်ရပ်စဲရေးသဘော တူညီမှု စာချုပ်ကို နှစ်ကြိမ်တိုင် ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-PSLF/TNLA သတင်းနှင့်ပြန်ကြားရေး
#ကျောက်မဲ #TNLA #စစ်ကောင်စီ #ထိုးစစ်ဆင်တိုက်ခိုက် #အပစ်ရပ်စာချုပ် #ချိုးဖောက် #စခန်းစွန့်ခွာပေးရ #Ayeyarwaddy_Times