
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Songwit Noonpackdee တို့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးနျင့် အွန်လိုင်း ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးတွင် တည်ရှိသည့် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းပေးရန် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျကပေါင်း ဂျန်ပန်းပန် ဦးဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ စစ်ခေါင်းဆောင်တို့ အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေး ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့ပိုင်မီဒီယာများမှတဆင့် သတင်းထုတ်ပြန်မှုတွင် တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားရန်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် မြ၀တီမြို့အနီးရှိ နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၌ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်၍ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးရည်ရွယ်ချက်ပါဝင်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများပြားသလို စစ်စခန်းများစွာ ဆုံးရှုံးခဲ့ပြီး မြို့ပေါင်း ၁၇ မြိုကထက်မနည်း လက်လွှတ်ခဲ့ရသည်။
ယင်းအခြေအနေတွင် မြန်မာနိုင်ငံ အရှေ့ခြမ်း ထိုင်း-မြန်မာ နယ်စပ် မြ၀တိမြို့အနီးမှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းပေးရန် ထိုင်းတပ်မတော်မှ ဖိဖိစီးစီးတောင်းဆိုလာမှုက ဘက်ပေါင်းစုံမှ အကြပ်တွေ့နေသည့် စစ်ကောင်စီအတွက် နောက်ထပ်ခေါင်းကိုက်စရာပြဿနာတစ်ခု ဖြစ်လာနေသည်။
မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် KK Park မြို့တို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများကြောင့် ယခုနှစ်ပိုင်းအတွင်း နိုင်င့တကာသတင်းစာမျက်နှာများတွင် အာရှ၏ ဒုစရိုက်မြို့များအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။
နိုင်င့တကာမှ အလုပ်အကိုင် ရှာဖွေသူများကို လိမ်လည်ခေါ်ဆောင်၍ ယင်းမြို့များတွင် ကျွန်ပြုခြင်း၊ ပိတ်လှောင်၍ရိုက်နှက်ခိုင်းစေကာ အွန်လိုင်းမှငွေလိမ်ခိုင်းခြင်းစသည့် လူမဆန်သည့်ရာဇဝတ်မှုများ ကျူးလွန်သောနေရာအဖြစ် နိုင်င့တကာသတင်းများက ဖော်ပြခဲ့ကြသည်။
အဆိုပါ ရွှေကုက္ကိုလ်နှင့် KK Park မြို့များမှာ အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် – BGF များ၏ထိမ်းချုပ်နယ်မြေအတွင်း တည်ရှိပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကိုလည်း BGF တို့ကလုပ်ကိုင်နေကြောင်း နိုင်ငံတကာအစိုးရများက စွပ်စွဲပြောဆိုထားသည်။
#မြန်မာစစ်ခေါင်းဆောင် #ထိုင်းကာချုပ်တို့တွေ့ဆုံ #မြ၀တီမြို့ #အွန်လိုင်းငွေကြေးလိမ်လည်မှု #ပူးပေါင်းတိုက်ဖျက် #ဆွေးနွေး
#Ayeyarwaddy_Times