
ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇန်နဝါရီ ၁၃ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်သွီးကျေးရွာအနီးတွင် ချင်းအမျိုးသား တပ်မတော်(CNA) နှင့် ဇိုမီးလက်နက်ကိုင် (ZRA)တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်၊ လိုင်သွီးကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော CNA တပ်ဖွဲ့၀င်များကို ZRA က အသင့်စောင့်ဆိုင်း၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ချင်းအမျိုးသားတပ်မတော်နှင့် ဇိုမီးလက်နက်ကိုင်တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး၏ ပြောခွင့်ရ ဆလိုင်းထက်နီကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
အဆိုပါတိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်မရှိကြောင်းသိရပြီး ချင်းအမျိုးသား တပ်မတော်က နယ်မြေရှင်းလင်းမှုလုပ်ဆောင်ရာတွင် ZRA တပ်ဖွဲ့၀င်များ၏ အသုံး ဆောင်ပစ္စည်းတစ်ချို့ကို သိမ်းဆည်းခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် အခြေစိုက်ထားသော ဇိုမီးလက်နက်ကိုင် တပ်ဖွဲ့(ZRA)သည် ချင်းအမျိုးသားတပ်မတော် ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ)တို့နှင့် မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ကျင်းပလေ့ရှိသည့် တွန်းဇံမြို့ အခမ်းအနားပွဲများတွင် စစ်ကောင်စီအတွက် လုံခြုံရေး တာဝန်များ ယူပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-CNAက သိမ်းဆည်းရမိသော ZRAတို့၏ အသုံးအဆောင်ပစ္စည်းများ။
#တီးတိန်မြို့နယ် #ချင်းအမျိုးသားတပ်မတော်CNA #ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ZRA #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times