နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့လုပ်ရပ် မဟုတ်ဟု ငြင်းဆိုထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)၊ ကနန်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို မကြာမီပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့် အရေးကောာင်စီတွင် တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ထံက သိရသည်။

စစ်ကောင်စီသည် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)၊ ကနန်စံပြကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် စာသင်ကျောင်းပတ်၀န်းကျင်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ A-5 တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက်(၅) နှစ်အရွယ် ကလေးငယ်အပါအ၀င် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“NUG အနေနဲ့ လာမယ့်မတ်လမှာ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ အခုလိုမျိုးတိုက်ခိုက်မှုတွေကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီမှာ ထပ်မံချမှတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစား လုပ်ကိုင် နေပါတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ယနေ့ ဇန်နဝါရီ ၁၂ ရက်ပြုလုပ်သည့် ကနန်ရွာလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကမူ ၎င်းတို့ဘက်မှ လေကြောင်းပျံသန်းမှု လုံး၀မရှိခဲ့ဘဲ ပြည်ဖျက်မီဒီယာများက တိုင်းပြည်ဆူပူစေရန် သတင်းမှားဖြန့်ဝေ လုပ်ကြံရေးသားခြင်းဖြစ်ပြီး မဟုတ်မမှန်ကြောင်း ဝါဒဖြန့် မီဒီယာများမှတဆင့် တရား ၀င်ထုတ်ပြန် ငြင်းဆိုခဲ့သည်။

ထိုသို့ စစ်ကောင်စီက ငြင်းဆိုနေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒေသခံများ၊ မြေပြင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိကျခိုင်လုံသည့် ရုပ်သံ၊ ဓာတ်ပုံနှင့်တကွ သက်သေအ ထောက်အထားများ တရားဝင်ထုတ်ပြန် ရှင်းလင်းပြသခဲ့သလို နိုင်ငံတကာ တရားရုံးများတွင်လည်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ချင်းပြည်နယ်မှာ အကြမ်းဖက် စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖိလစ်ပိုင်နိုင်ငံ တရားရုံးမှာ တရားစွဲဆိုဖို့ ဆောင်ရွက်နေသလို စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုး နွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ တရားရုံးတွေမှာ အရေး ယူနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးကျော်ဇောက ပြော သည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှု ရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေးတည်းဟူသော ဦးတည် ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ စစ်တပ်၏ ကျုးလွန်မှုများအား အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၅)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ (၁၇)ဦးသည် ခြေ၊ လက်ပြတ်တောက်ခြင်း၊ ဦးခေါင်းထိမှန်ခြင်း၊ ဝမ်းဗိုက်များပွင့်ကာ အူများထွက်ကြခြင်း စသည့်ပုံစံများ ဖြင့် သေဆုံးခဲ့ကြရကြောင်း သိရသည်။
ထို့အပြင် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူစုစုပေါင်း (၁၉)ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုသူတို့ ဆေးကုသခွင့် မရရှိအောင် စစ်ကောင်စီက ပိတ်ပင်ခဲ့သလို ကနန်ရွာ လူနာမှန်သမျှ မြို့ထဲဝင်ခွင့် ဖြတ်သန်းခွင့်လည်း မပေးတော့ကြောင်း ဒေသခံနှင့် မြေပြင်အဖွဲ့အစည်းများထံက သိရသည်။

“ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကို မြို့ထဲကို ပို့ပြီးတော့ ကုသမှု လုပ်မယ်ပေါ့။ အဲဒါကို စစ်ကောင်စီက မြို့ထဲကို အဝင်မခံဘူး။ အဝင်မခံတဲ့အပြင် ခိုးပြီးတော့မှ တိတ်တိတ် ဝင်သွားတာတွေ ရှိမှာကြောက်လို့ ဆိုပြီးတော့ မြို့ထဲက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေ အားလုံးကို ရှောင်တခင်ဝင်စစ်တယ်။ ကနန်ရွာကလာတဲ့ လူနာမှန်သမျှ ဘယ်သူမှ ကုသခွင့် မပေးရဘူးဆိုပြီး နောက်ဆုံးကျ ဘယ်လိုလုပ်ပစ် လိုက်သလဲဆိုရင် မည်သည့် ယာဉ်ကိုမှ ဖြတ်သွားခွင့် မပြုတော့ဘူး” ဟု Mobile Medical Team-West Division တာဝန်ခံ ဒေါ်ရတီအုန်းက ပြောသည်။

ယင်းကနန်ကျေးရွာကို စစ်ကောင်စီမှ သတင်းပေးချက်အရ ဂျက်ဖိုက်တာဖြင့် ရောက်ရှိလာပြီး ပေါင် ၂၅၀ ဗုံး လေးလုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ပြည်သူများ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သေဆုံးကာ ဒဏ်ရာရမှုများရှိခဲ့သလို နေအိမ်ဆယ်လုံး၊ စာသင်ကျောင်း နှစ်ထပ်ဆောင် နှစ်လုံးနှင့် ခရစ်ယာန်ဘုရား ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ငြင်းဆိုထားသော်လည်း စစ်တပ်ထောက်ခံသူများကမူ “စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် PDF အယောက် ၃၀ ကျော် သေဆုံးသွားသည်” ဟု ၎င်းတို့၏ လူမှုကွန်ရက်များတွင် ရေးသားထား သည်ကို တွေ့ရသည်။

#ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ #ကနန်ရွာ #အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု #NUGတင်ပြမည် #Ayeyarwaddy_Times