ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက် နယ်ထဲရှိ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးရှိ ရွာ ၃ ရွာကို စစ်ကောင်စီက အကြမ်းဖက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ထန်းကုန်းတိုက် နယ်အတွင်းရှိ တင်ငုတ်ကြီးရွာရှိ ပျူစောထီးစခန်းကို ပကဖများမှ ၀င်ရောက်တိုက်ခိုက်ပြီးနောက် ကိုးမြို့ရွာ၊ တောင့်တဲကုန်းရွာနှင့် သရက်ခေါင်းရွာ သုံးရွာကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ၀င်ရောက်အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအင်အား ၁၃၀ ခန့်ရှိ စစ်‌ကြောင်းသည် ယနေ့ နံနက် ၇ နာရီခွဲခန့်က ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှတစ်ဆင့် သံချပ်ကာကား လေး စီးဖြင့် တင်ငုတ်ကြီးရွာသို့ အင်အား ဖြည့်တင်းရန် ရောက်ရှိလာပြီးစစ်ကြောင်းနှစ်ကြောင်း ခွဲကာ အနီးနားရှိ ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းမှာ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က တောင့်တဲကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၀င်ရောက်ကာ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လည်တွင် သရက်ခေါင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကဖြစ်တဲ့ပျူရွာ တိုက်ခံရလို့ အခုရွာတွေကို မီး၀င်ရှို့တာ။ ရှို့ခံရတဲ့ သုံး ရွာရော အနားကရွာတွေရော အကုန်ပြေးနေရတယ်။ လက်နက်တွေပါ ပါသွားလို့ မကျေနပ်လို့ မီးလာရှို့တာလို့ သိရတယ်”ဟု ကန့်ဘလူ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါကျေးရွာများ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံ နေရခြင်းကြောင့် ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ တောက်တဲ့ကုန်း၊ သရက်ခေါင်း၊ ဖလံချိုင်၊ ညောင်ဇင်ကြီး၊ မင်းကုန်းနှင့် ဘိုတည်းကုန်း စသည့်ကျေးရွာ ကိုး ရွာမှ ဒေသ ခံ ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် နေအိမ် ၃၁ လုံး မီး လောင်ပျက်စီးခဲ့ပြီး ကိုးမြို့ရွာသည် ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ပြီး တင်ငုတ်ကြီးရွာ ပျူစောထီး အထိုင်စခန်းနှင့် နီးကပ်နေခြင်းကြောင့် အမြဲစစ်ဘေး ရှောင်နေရသည့် ရွာဖြစ်သည်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့၀င်များ ၀င်ရောက်တိုက် ခိုက်ခဲ့သည့် တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးအထိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ ကာဘိုင် ရှစ်လက်၊ G3 တစ်လက်၊ ရှော့ဂန်း ငါးလက် အပါအ၀င် ကျည်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ သည်ဟု NUG ကထုတ်ပြန်ထားသည်။

ပုံစာ- စစ်​ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် သရက်​ခေါင်းရွာ
#ကန့်ဘလူ #တင်ငုတ်ကြီး #ပျူစခန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times