ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

နေပြည်တော်ရှိ စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေ ဆိုးရွားနေ၍ အရေးပေါ်ဆေးကုသမှုခံနေရကြောင်း တပ်တွင်းသတင်း ရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေသည် စိတ်ဖိစီးမှုများကာ သောက်ဆေးပုံမှန် မသောက်တော့သည့် အခြေအနေကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ ညဦးပိုင်းတွင် ကျန်းမာရေးအခြေအနေဆိုးရွားလာကာ မိသားစုဆရာဝန်ဖြစ်သည့် ကန်သာယာဆေးရုံမှ နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီးကို ခေါ်ယူကာ ဆေးကုသခံနေရခြင်း ဖြစ်ကြောင်းသိရသည်။

“အိမ်ကနေတောင် ဆေးရုံပို့မရတဲ့အခြေအနေပါ၊ သတင်းပြန့်နေတာက ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုပြီး သတင်းပြန့်နေတာ။ တကယ်ကအဲ့လိုမဟုတ်ပါဘူး။ နေတော်တော် လေးမကောင်းတာ။ စိတ်ဖိစီးမှုတွေနဲ့ ဖိအားတွေများပြီး ဆေးတွေမသောက်တော့လို့ ရောဂါအ‌ခြေအနေပိုဆိုးလာတာပါ။ အခုလည်း အိမ်မှာဆက်ပြီး ဆေးကုနေတုန်းပဲ”ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေနေထိုင်သည့် ၎င်း၏နေအိမ်တွင် ကန်သာယာ ဆေးရုံမှ နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီးကိုခေါ်ယူကာ ဆေးကုသနေသော်လည်း လက်ရှိ ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ပြန်လည်သက်သာခြင်းမရှိသေးဘဲ ဆေးရုံပို့ရန် အရေးပေါ်ကားတစ်စီးလည်း အဆင်သင့်စီစဉ်ထားရှိကြောင်း တပ်တွင်း သတင်းရင်း မြစ်က ဆိုသည်။

စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေသည် ယခင်က နေပြည်တော် နဝဒေး အိမ်ရာတွင် မိသားစုလိုက်နေထိုင်သော်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနေထိုင်သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့်နီးသည့် အိမ်ရာတွင်လုံခြုံ‌ရေးအပြည့်စုံဖြင့် ပြောင်းရွှေ့နေထိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေ နှင့် လက်ရှိနေထိုင်သည့် နေရာ
#စစ်ကောင်စီယာယီသမ္မတဦးမြင့်ဆွေ #စိတ်ဖိစီး #ကျန်းမာရေးဆိုးရွား #အရေးပေါ်ဆေးကုသ #Ayeyarwaddy_Times