
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးထံ ချင်းပြည်နယ်မှ စစ်ကောင်စီ တပ်သား သုံးဦးသည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အလင်းဝင်ရောက်လာကြသည် စစ်ကောင်စီ တပ်သား သုံးဦးသည် ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် MA-1 သေနတ် တစ်လက်၊ MA-3 တစ်လက်၊ လက်ပစ်ဗုံး ခြောက်လုံး၊ ကျည်ဘောက် ခြောက်ခု၊ အီနာဂါ လေးလုံး၊ ၅ ဒဿမ ၅၆ ကျည်ဆံ ၄၉၀ တောင့်တို့နှင့်အတူ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
” ပုလဲမြို့နယ်က ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ထံ CDM ဝင်လာတဲ့ စစ်သားတွေရဲ့ ချိတ်ဆက်မူနဲ့ လက်နက်ခဲယမ်းတွေနဲ့တူ အလင်းဝင်ရောက်လာကြတာဖြစ်ပါတယ်။ အလင်းဝင်လာတဲ့ စစ်သားတွေကို ထောက်ပံ့ငွေချီးမြင့်ပေးအပ်ခဲ့ပြီး သူတို့ကို လုံခြုံတဲ့နေရာမှာ ကာကွယ်စောင့်ရှောက်ထားပါတယ် “ ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတိီတိုင်းမ်ကို ပြောသည်။
ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီ တပ်သား သုံးဦးအား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့မှ တစ်ဦးလျှင်ငွေကျပ် ၇၀ သိန်း စုစုပေါင်း ငွေကျပ် ၂၁၀ သိန်း နှင့် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံမှ တစ်သိန်းကျပ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလတွင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးထံ စစ်ကောင်စီ တပ်သားနှင့် ၎င်းတို့ လက်အောက်ခံ ပျူတပ်ဖွဲ့ဝင် စုစုပေါင်း ငါးဦးတို့သည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
#ပုလဲမြို့ #ပြည်သူ့အုပ်ချုပ်ရေး #စစ်ကောင်စီတပ်သား #လက်နက်ခဲယမ်း #Ayeyarwaddy_Times