
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
တရုတ်အပေါ် အခဲမကျေမှုများလာသည့် စစ်ကောင်စီတပ်က တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားပေါ်ရှိ တရုတ် စစ်သူကြီးရုပ်တုတွင် တပ်ဆင်ထားသည့် အဆောင်အယောင်များ အကုန်ချွတ်ချကာ ကန်တော့ပွဲများ ဖြုတ်သိမ်းထားကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားရှိ တရုတ်စစ်သူကြီးရုပ်တုကို တရုတ်နှင့် ပြေလည်သည့် ဆက်ဆံရေးရှိစဉ်က အဆောင်အယောင် များနှင့်ကိုးကွယ်ခဲ့ပြီး တရုတ်၏ဖိအားပေးမှုများ ရှိလာသည့် ယခုအခါတွင် စစ်သူကြီး ရုပ်တု၏ အဆောင်အယောင်နှင့် ပူဇော်မှုများကို ဖြုတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။
“အခုရက်ပိုင်းအတွင်းပဲ စစ်သူကြီးရုပ်တုကို ဆောင်းထားတဲ့ထီးတွေ၊ ဂြိုဟ်ထောင့် အကာအရံတွေနဲ့ ကန်တော့ပွဲတွေကိုပါ ဖြုတ်ချသွားတာ။ အခုရုပ်တုက ဟာလာ ဟင်းလင်းကြီးနဲ့ ထီးထီးကြီးကျန်ခဲ့တယ်” ဟု တောင်ကြီးမြို့ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက အဆောင်အယောင်ချထားသည့် အဆိုပါ တရုတ်စစ်သူကြီးရုပ်တုသည် အိမ့်စောင့် စစ်အစိုးရဦးနေ၀င်း လက်ထက်က တရုတ်ဖြူတပ်များနှင့် ဖြစ်ပွားနေသည့် စစ်ပွဲရပ်တန့်ရန်အတွက် ယက္ကန်းစင်တောင် ဆရာတော်တည်ထားခဲ့သည့် ရွှေဘုန်းပွင့် ဘုရားတွင် ဓာတ်ရိုက်၊ဓာတ်ဆင်လုပ်ကာ ကိုးကွယ်ခဲ့သည့် တရုတ်စစ်သူကြီး ရုပ်တု ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဦးသိန်းစိန်လက်ထက် လောက်ကိုင်တိုက်ပွဲတွင်လည်း ဓာတ်ရိုက် ဓာတ်ဆင်လုပ် ကိုးကွယ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင်မူ မူလက ကိုးကွယ်မှုများပြုလုပ်ခဲ့သော်လည်း ယခုတွင်မူ စစ်ရှုံးနေ၍ အဆိုပါရုပ်တု၏ အဆောင်အယောင်များကို ဖယ်ရှားထားခဲ့ခြင်းဖြစ်သည်။
ရှမ်းမြောက်နှင့် တရုတ်နယ်စပ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တရုတ်နိုင်ငံ အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ တရုတ်နိုင်ငံသားများ ထိခိုက်မှုနှင့် ပတ်သက်၍ မကြာသေးမီက တရုတ်နိုင်ငံခြားရေးဒု၀န်ကြီးနှင့်အဖွဲ့ စစ်ကောင်စီကို လာရောက်တွေ့ဆုံပြီး ဖိအားပေးမှုများရှိခဲ့သည်ဟု သိရသည်။
ထို့ပြင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်သူများနှင့် လူကုန်ကူးမူးယစ်ဆေးဝါး ရောင်း၀ယ် သူများကို ဖမ်းဆီးပေးရန် တရုတ်နိုင်ငံက စစ်ကောင်စီကို ဖိအားပေးခိုင်းစေ မှုများရှိခဲ့သလို ၎င်းတို့၏ ပြည်သူတို့လိမ်လည်ခံရသည့် ငွေကြေးများကို ပြန်လည် လျော်ကြေးပေးရန်နှင့် တရုတ်နိုင်ငံကို ဆန္ဒပြခဲ့သူများကို ဖမ်းဆီးအရေးယူပေးရန် ဖိအားပေးခိုင်း စေမှုများရှိခဲ့သည်။
ယခုလတ်တလော တရုတ်ကြား၀င်ညှိနှိုင်းပေးမှုဖြင့် ပြုလုပ်ခဲ့ရသည့် ညီနောင် မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုမှာလည်း မအောင်မြင်ဘဲ သုံးကြိမ်တိုင်တိုင် ပျက်ပြားမှုများရှိခဲ့သည်။
အဆိုပါမကျေလည်မှုများအတွက် စစ်ခေါင်းဆောင် နှင့်အတူ ဗေဒင်၊ ယတြာအထူး ယုံကြည်သည့် ၎င်း၏ စစ်ကောင်စီတပ်က ဘုရားပေါ်တင်၍ ကိုးကွယ်ထားသည့် တရုတ်စစ်သူကြီးရုပ်တုကို ယခုကဲ့သို့ အဆောင်အယောင်များဖြုတ်ချကာ ဓာတ်ရိုက်၊ ဓာတ်ဆင်သဘောဖြင့် မှိန်ကုပ်စွာထားရှိခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားပေါ်ရှိ တရုတ် စစ်သူကြီးရုပ်တု
#တရုတ်အခဲမကျေ #စစ်ကောင်စီ #တောင်ကြီးမြို့ #ရွှေဘုန်းပွင့်ဘုရား #တရုတ်စစ်သူကြီးရုပ်တု #အဆောင်အယောင်များချွတ်ချ #Ayeyarwaddy_Times