
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
စစ်အာဏာရှင်အုပ်ချုပ်ရေးယန္တယားမရှိတော့သည့် မြို့နယ်များတွင် လုံခြုံရေး၊ အုပ်ချုပ်ရေးစနစ်ထူ ထောင်မည်ဟု ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျရောက်သည့် တအာင်းအမျိုးသားတော် လှန်ရေးနေ့ (၆၁) နှစ်ပြည့်တွင် တအာင်းတပ်မတော် (TNLA) ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။
ထို့ပြင် နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကာလကို အဆုံးသတ်ပြီး အာဏာရှင်စစ်အုပ်စုအကျိုးစီးပွားအလိုကျ ဖန်တီးမှုများကို အဆုံးသတ်ရန် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဟု တားအိုက်ဘုန်းက ပြောကြားခဲ့သည်။
တအာင်းဒေသအတွင်း နှစ်ပေါင်းများစွာ ခြယ်လှယ် အုပ်ချုပ်နေသည့် စစ်အာဏာရှင်အုပ်စုအဆက်ဆက် လက်အောက်ခံ အုပ်ချုပ်ရေးယန္တယားများရှိသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း၊ ကွတ်ခိုင် အစရှိသည့် မြို့နယ် ခုနစ် ခုတွင် အပြီးတိုင် တိုက်ထုတ်ဖယ်ရှားပြီးနောက် တရားမျှတသည့်ဥပဒေများ ရေးဆွဲ၍ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားများလည်ပတ်နိုင်အောင် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
လက်ရှိ ထိန်းသိမ်းထားသည့်မြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများ၏ ပိုင်ဆိုင်မှုများ ပြန်လည်ထူထောင် နိုင်ရေးအတွက် TNLA က ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တအာင်းအမျိုးသားဖိနှိပ်ခံဘ၀လွတ်မြောက်ရေး တိုက်ပွဲတလျှောက် တအာင်းလူမျိုးတို့သည် ၆၁ နှစ်တိုင်တိုင် တော်လှန်ရေးတာ၀န် ပုခုံးပြောင်း ဆက်လက်ထမ်းဆောင်နေပြီး အဖိနှိပ်ခံဘ၀မှလွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ အာမခံသည့်တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးဆိုသည့် ဦးတည်ချက်များအတိုင်း အဆိုပါပန်းတိုင်ရောက်ရှိရေးအတွက် တော်လှန်ရေးကာလအတွင်း အသက်သွေးချွေး အိုးအိမ်ပစ္စည်း ပေးဆပ်ခဲ့ကြသည့်သူများကို အစဉ်လေးစားတန်ဖိုးထားနေပြီး လွတ် မြောက်နိုင်ရေးအတွက်ဆက် လက်တိုက်ပွဲ၀င်သွားမည်ဟုလည်း TNLA ဒုတိယဗိုလ်ချုပ်ကြီး က ဆိုသည်။
၎င်းကဆက်လက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” ၏ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရေးနှင့် ၎င်းတို့ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသည့် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲ၀င်သွား မည်ဟု ပြောကြားခဲ့သည်။
ပုံစာ- တအာင်းတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း မိန့်ခွန်းပြောစဉ်
#တအာင်းဒုဥက္ကဋ္ဌ #တားအိုက်ဘုန်း #၆၁နှစ်ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့ #မိန့်ခွန်း
#Ayeyarwaddy_Times