ဧရာဝတီတိုင်းမ်
(နတ်သံကွင်း)၊ ဇန်နဝါရီ ၁၂ ရက်

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုအချိန်အထိ စစ်ကောင်စီက နတ်သံကွင်းမြို့ကို ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီသည် နတ်သံကွင်းမြို့ကို မြေပြင်အခြေအနေအရ ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း နယ်မြေလုံခြုံရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နေပြီး နတ်သံကွင်းရဲစခန်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂုဏ်ပြု ဆုချီးမြှင့်ခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင်ဖော်ပြခဲ့သည်။

“အခုလက်ရှိမှာတော့ ရဲစခန်းမှာရှိတဲ့ရဲတွေ၊ သူတို့အင်အားတွေကို ဆွဲထုတ်ထားပြီ လို့ယူဆရတယ်။ နယ်မြေအနေအထားအရတော့ တော်လှန်ရေးဘက်ကနေ ထိန်းချုပ် ထားနိုင်ပါတယ်။ နေရာတော်တော်များများလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့၊ လေယာဉ်နဲ့ပစ်လို့ ပျက်စီးနေပါပြီ” ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ နတ်သံကွင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး ကျန်သူများမှာထွက်‌ပြေး ဆုတ်ခွာသွားကြသော်လည်း စစ်ကောင်စီက တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သည်ဟု ဆိုကာ ‌ ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

နတ်သံကွင်းမြို့တွင် နှစ်ဖက်ထိ‌ တွေ့တိုက်ပွဲအတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ ကလည်း စစ်ကောင်စီကပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့သည့် အတွက် နတ်သံကွင်းဈေးမီးလောင်ခဲ့ရပြီး စစ်ကောင်စီက နတ်သံကွင်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်

#နတ်သံကွင်းရဲစခန်း #တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ကျော်သေဆုံး #ဆုချီးမြှင့် #Ayeyarwaddy_Times