
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းသို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ အဘွားအိုတစ်ဦး၏ မျက်နှာကိုဓားဖြင့်မွှန်း၍ သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး လူရွယ်တစ်ဦးကိုလည်း တဲပေါ်တင်၍အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ လင်းဗန်းဆည် အနီး စစ်ရှောင်တဲများအနီးသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာပြီး ပြည်သူနှစ်ဦးကိုသတ်ဖြတ်ကာ စစ်ရှောင်တဲများကိုမီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် နွားများကို ခိုးယူသွား သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
“စစ်ကြောင်း၀င်လာချိန် မပြေးနိုင်တဲ့အဘွားအိုမျက်နှာကို ဓားတွေနဲ့မွှန်းပြီး သတ်ထားခဲ့တယ်။ ကိုကုလားကျတော့ သူတို့(စကစ)ပြန်သွားတယ်ထင်ပြီး မီးငြိမ်း ဖို့သွားရာမှာ တဲပေါ်တင်ပြီး မီးရှို့သတ်သွားတာ”ဟု ကန့်ဘလူဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကန့်ဘလူ ၆၀၀၆ တပ်ရင်းနှင့် နတ်အင်းပျုရွာမှ ပျူစောထီးများ စုပေါင်းထားသည့် စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ရှောင်တဲများသို့ ရောက်ရှိလာပြီး ထိန်တောရွာမှ အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်ဌေး၏ မျက်နှာကို ဓားဖြင့်မွှန်း၍ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သတ်ဖြတ်ပြီး ရွာမရွာမှ အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးအောင်ထွန်းကို လည်း စစ်ရှောင်တဲပေါ်တင်၍ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ပြီးနောက် စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။
“ရွာထဲမှာနေတုန်း စစ်ကြောင်းလာရင် ပြေးရလွှားရတာမို့ အခုလိုစစ်ရှောင်တဲတွေမှာ လာနေကြတာ။ စား စရာတွေရော သီးနှံတွေရောယူပြီး ဒီမှာအကုန်လာနေ ကြတာ။ အခုမီးရှို့တဲ့အထဲ အကုန်ပါသွားပြီ။ နွားတွေ လည်း ဖမ်းသွားတော့ ဘာလုပ်စာရမှန်းကို မသိတော့ ဘူး”ဟု ကန့်ဘလူရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများသည် စစ်ကောင်စီ၏ မကြာခဏစစ်ကြောင်းထိုးခြင်းခံနေရပြီး အမြဲတမ်းစစ်ဘေးရှောင် နေရသည့်ဒေသဖြစ်သည်။
#ကန့်ဘလူ #ထန်းကုန်းတိုက်နယ် #လင်ဗန်းဆည် #စစ်ရှောင်ပြည်သူ #စစ်ကောင်စီ #သတ်ဖြတ်
#Ayeyarwaddy_Times