
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
လောက်ကိုင်မြို့မှ လက်နက်ချပြီး တန့်ယန်းသို့ရွှေ့ ပြောင်းသွားသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သက်ထိုက်လင်းနှင့် တပ်ဖွဲ့၀င်များ တန့်ယန်းမှထပ်မံထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။
ရှမ်းမြောက်၊ လောက်ကိုင်(ဒကစ)တွင် လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် ခြောက်ဦးနှင့် ဆိုင်ရာတပ်မမှူးများကို စစ်ကောင်စီက လားရှိုးတွင် ထိန်းသိမ်းထားပြီး ပုန်ကန်မှုဖြင့်စစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်ခဲ့၍ ဒုတိယဗိုလ်မှူးကြီး သက်ထိုက်လင်းနှင့် တပ်ဖွဲ့၀င်များ ရောက်ရှိနေသည့် တန့်ယန်းမှ ထပ်မံထွက်ပြေးသွားခြင်းဖြစ်ကြောင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
လောက်ကိုင်(ဒကစ)တွင် လက်နက်ချအညံ့ခံပြီးနောက် ဒုတိယဗိုလ်မှူးကြီးသက်ထိုက်လင်းနှင့် ၎င်း၏ တပ်ဖွဲ့၀င်များသည် လားရှိုးသို့မသွားဘဲ တန့်ယန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဗိုလ်မှူးချုပ် ခြောက်ဦးနှင့် ဆိုင်ရာတပ်မမှူးများ အရေးယူခံရသည် ဆိုသောသတင်းများထွက်ပေါ်လာ၍ တန့်ယန်းမှ ထပ်မံထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“လက်နက်ချပြီးတော့ လားရှိုးကိုမဟုတ်ဘဲ တန့်ယန်း ရောက်တဲ့အဖွဲ့က လားရှိုးမှာအရေးယူခံနေရတယ် လည်းကြားရော သူတို့အဖွဲ့လည်း ပါလာတော့မယ်ဆို ပြီး ထပ်ထွက်ပြေးတာ။ အခုလည်း လားရှိုးမှာ တစ်နေရာစီခွဲပြီး ချုပ်ထားတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လောက်ကိုင်တွင် လက်နက်ချလာသည့်သူများကို စစ်ကောင်စီက လားရှိုးရှိ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၈) မန်ကပ်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့၏ မိသားစု၀င်များကို နေရပ်သို့ပြန်လွှတ်လိုက်ကြောင်း သိရသည်။
လက်နက်ချသည့်အဖွဲ့ထဲတွင်ပါ၀င်သည့် တပ်မ (၅၅) အဖွဲ့များကို လားရှိုးကိုရောက်သည့် ဇန်နဝါရီ ၅ ရက်နေ့တွင်ပင် တပ်မ (၅၅) အခြေစိုက်ရာ ကလောမြို့သို့ စစ်ယာဉ်တန်းဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရသည်။
ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှု စကခ-၁၊ စကခ-၁ဝ၊ စကခ-၁၄၊ စကခ-၁၆ နှင့်အဖွဲ့များကို မန်ကပ်တွင် ထိန်းသိမ်းထားပြီး အရာရှိ စစ်သည်အလိုက် နေရာခွဲထားကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သီးခြားစီထားပြီး မည်သူနှင့်မျှ ပေးတွေ့ခြင်းမရှိကြောင်း စုံစမ်းသိရသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် အင်အား ၆၀၀ နှင့် ၇၀၀ ၀န်းကျင်ရှိပြီး မည်သို့ဆက် လက်လုပ်ဆောင်မည်၊ မည်သည့်ဌာနသို့ပို့မည်ကို မသိ ရသေးဘဲ ဗိုလ်မှူးချုပ် ခြောက် ဦးကို သီးသန့်ချုပ်နှောင်ထားကာ အာဏာဖီဆန်မှု၊ ပုန်ကန်မှုများဖြင့် အရေးယူ ရန်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သီးသန့်ချုပ်နှောင်ခံထားရသည့် ဗိုလ်မှူးချုပ် ခြောက်ဦးမှာ လောက်ကိုင်ဒေသ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ လောက်ကိုင် (ဒကစမှူး)ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ (၅၅) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုး၀င်း၊ စကခ-၁၆ တပ်မ မှူး ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ စကခ-၁၂ မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ-၁၄ မှူး ဗိုလ်မှူးချုပ်အေးမင်း ဦးတို့ဖြစ်ပြီး တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ ချမှတ်၍ရသည့် အာဏာဖီဆန်မှု၊ ပုန်ကန်မှုတို့ဖြင့် လား ရှိုးတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပုံစာ-လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ နှင့် လောက်ကိုင်ဒကစ
#လောက်ကိုင် #ဒကစမှူးများလက်နက်ချ #စစ်ဦးစီးမှူးဒုဗိုလ်မှူးကြီးသက်ထိုက်လင်း #တန့်ယန်း #ထပ်မံထွက်ပြေး #Ayeyarwaddy_Times