
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
ဧရာဝတီတိုင်း၊ ငွေဆောင်နှင့်ငရုပ်ကောင်းမြို့နယ်ခွဲရှိ ပင်လယ်ကမ်းခြေဟိုတယ်များမှ ဝန်ထမ်းများကို လေးပတ်ကြာ ရှရှားဘာသာစကားပြော(အခြေခံ)သင်တန်း မဖြစ်မနေတက်ရောက်ခိုင်းနေကြောင်း ဟိုတယ်ဝန်ထမ်းများထံကသိရသည်။
ဟိုတယ်များသို့ ရှရှားစစ်ဖက်ဆိုင်ရာပညာရှင်နှင့်အင်ဂျင်နီယာအဖွဲ့များ လာရောက်တည်းခိုရန် စီစဉ်ထားမှုကြောင့် ဟိုတယ်ဝန်ထမ်း ၁၀၀ ကျော်အား ယမုံနာဦး ဟိုတယ်တွင် ရှရှားဘာသာစကား အခြေခံသင်တန်းကို တိုင်းစစ်ကောင်စီမှ အချိန်လေးပတ်ကြာ မဖြစ်မနေဖိအားပေးတက်ခိုင်းနေကြောင်း ဟိုတယ်ဝန်ထမ်းအသိုင်းအဝန်းထံကသိရသည်။
“ရှရှားစစ်တပ်ကအင်ဂျင်နီယာတွေလေတပ်ကအရာရှိတွေ ဟိုတယ်ကို ရက်ရှည်လာတည်းဖို့ရှိတယ်ဆိုပြီးတော့ ရှရှားဘာသာစကားသင်တန်းအတင်းတက်ခိုင်းနေတာ။ မတက်မနေရပုံစံနဲ့ကိုတက်ခိုင်းတာပေါ့။တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကစီစဉ်နေတာလို့သိရတယ်”ဟု သင်တန်းတက်ရောက်နေသည့် ဟိုတယ်ဧည့်ကြိုဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ ဂေါ်ရင်ဂျီကျွန်းတွင်လည်း ရုရှားစစ်ဖက်ဆိုင်ရာ ရေတပ်ပညာရှင်များ လာရောက်တည်းခိုနိုင်ရန် ဂေါ်ရင်ဂျီဟိုတယ်ရှိ ဧည့်ကြိုဝန်ထမ်း၃၀ဦးကိုလည်း ယမုံနာဟိုတယ်တွင် ရုရှားဘာသာစကားပြော(အခြေခံ)သင်တန်း ပေးနေကြောင်း သိရသည်။
“သင်တန်းတက်တဲ့အချိန်ဆိုရင် ဖုန်းအသိမ်းခံရတယ်။သင်တန်းပြီးမှပြန်ပေးတယ်။သင်တန်းကအကြောင်းအရာကိုမိသားစုကိုမပြောဖို့ဖိအားပေးခံရတယ်။သင်တန်းဖွင့်တဲ့ဟိုတယ်ပတ်လည်မှာ အရပ်ဝတ်စစ်သားတွေရဲတွေလိုက်ကြည့်နေတာ။သင်တန်းနဲ့မတူဘူး အချုပ်ကျနေသလိုဖြစ်နေတယ်။နောက်ပြီးဒီရှရှားစကားပြောသင်တန်းမတက်တဲ့သူတွေဆိုရင် အလုပ်ကပါဖြုတ်မယ် လျှော်ကြေးနှစ်လစာပြန်ပေးရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းထားတော့မဖြစ်မနေတက်နေရတဲ့သဘောဖြစ်နေတယ်”ဟု ဂေါ်ရင်ဂျီဟိုတယ်နှင့် နီးစပ်သည့်ဝန်ထမ်းတစ်ဦးကဆိုသည်။
ဧရာဝတီတိုင်းရှိပင်လယ်ကမ်းခြေဟိုတယ်အချို့တွင် ရှရှားစစ်ဖက်ဆိုင်ရာ အဖွဲ့များ လာရောက်တည်းခိုပါက ဟိုတယ်ဝန်ထမ်းများအနေဖြင့် ဘာသာစကားအခက်အခဲ မရှိစေရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်သက်သက်ခိုင်နှင့် တိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ဧရာဝတီတိုင်း #ငွေဆောင် #ငရုပ်ကောင်း #ဟိုတယ်ဝန်ထမ်းများ #ရှရှားဘာသာအခြေခံသင်တန်း
#Ayeyarwaddy_Times