
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇန်နဝါရီ ၁၂ ရက်
ချင်း-အိန္ဒိယနယ်စပ်တလျှောက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီတပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ရှုံး၍ အိန္ဒိယနိုင်ငံဘက်သို့ ရုပ်ပျက် ဆင်းပျက် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို အိန္ဒိယအစိုးရက လက်ခံကာ လေးကြိမ်ထက်မနည်း ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ရောင်းချမှုများအပြင် ပြစ်မှု များစွာ ကျူးလွန်နေသည့် စစ်ကောင်စီကို တစ်နည်းတစ်လမ်းဖြင့် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
“စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းဆိုတာ ကမ္ဘာက အသိပဲ။ ပြည်သူတွေ အပေါ်မှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်တယ်။ သတ်ဖြတ်တယ်။ ပြည်သူလူထုရဲ့ အိုးအိမ်တွေ ကိုလည်း ဖျက်ဆီးပြီး လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေ ကျူးလွန်တယ်။ အိန္ဒိယ အစိုးရအနေနဲ့ အဲ့ဒီလိုမျိုး ပြစ်မှုကျူးလွန်သူတွေရဲ့ စစ်သားတွေကို လက်ခံပြီးတော့ ကောင်းကောင်း မွန်မွန်ပြန်ပို့တာက တစ်နည်းတစ်လမ်းအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးရာ ရောက်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ လူ့အခွင့် အရေးချိုးဖောက်မှုမှာ အိန္ဒိယအစိုးရလည်း ပါဝင်ပတ်သက်နေတယ်လို့ မှတ်ချက်ချချင်ပါတယ်”ဟု ချင်းလူ့အခွင့်အရေးအဖွဲ့(File) ဒါရိုက်တာဆလိုင်းတေရက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံလာသော စစ်ကောင်စီတပ်သားများသည် မြန်မာနိုင်ငံ အတွင်းတွင် ပြစ်မှုကျူးလွန်ထားသူများဖြစ်ပြီး ၎င်းတို့ကို ပြန်လည်ပို့ဆောင်ခြင်းသည် အိန္ဒိယအစိုးရအနေဖြင့် ပြစ်မှုများကို အားပေးမှုရောက်သလို လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ရာရောက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသော နိုင်ငံခြားရေးရာမှုဝါဒများနှင့် ဒီမိုကရေစီလိုလားသော ပြည်သူလူထုများအပေါ်တွင် သဘောထားပြောင်းလဲသင့်ပြီ ဖြစ်ကြောင်းဆလိုင်းတေရက ဆက်လက်ပြောကြားသည်။
“အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တယ်လေ။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက တော်လှန်နေတာကို အားမပေးဘဲ ဒီမိုကရေစီကို လိုက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီကို အားပေး နေတယ်ဆိုတော့ အိန္ဒိယအစိုးရအနေနဲ့ သုံးသပ်သင့်တယ်။ အကြမ်းဖက် ကျူးလွန်သူ တွေကိုတော့ ကြည်ကြည်ဖြူဖြူလက်ခံပြီးတော့ တော်လှန်ရေး သမားတွေကိုတော့ နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးချုပ်ခြယ်တယ်ပေါ့နော်။ ဒီမိုကရေစီ နိုင်ငံအဖြစ် ဖော်ပြချင်ရင် ဒီမိုကရေစီ ဘက်တော်သားဘက်မှာ ပါဝင်သင့်တယ်”ဟု ဆလိုင်းတေရက ဆိုသည်။
အိန္ဒိယအစိုးရလက်အောက်ရှိ အာသံရိုင်ဖယ်တပ်သည် အာဏာရှင်စနစ်ကို တော်လှန်ရန် အတွက် ပြည်သူ့ချွေးနည်းစာဖြင့် ဝယ်ယူထားသည့် လက်နက်ခဲယမ်းများနှင့် လိုအပ်အသုံးအဆောင်ပစ္စည်းများကို ချင်း-မီဇိုးရမ်နယ်စပ်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်ကာ မကြာခဏဖမ်းဆီးနေပြီး သယ်ဆောင်သူများကိုပင် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်းများပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၆ ဦးရှိပြီဖြစ်ကာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်များကိုလည်း သိမ်းဆည်းထားခြင်း မရှိကြောင်း မီဇိုးရမ်ပြည်နယ်၊ ဒေသခံများထံက သိရသည်။
အိန္ဒိယအစိုးရသည် မြန်မာစစ်ဘေးရှောင်များကို တရားဝင်လက်ခံခြင်းမရှိသလို စစ်ဘေးရှောင်များကို လက်ခံထားသည့် မီဇိုးရမ်အစိုးရကိုလည်း မကြာခဏ ဖိအားပေးလျက်ရှိကြောင်းသိရသည်။
ပုံစာ- အိန္ဒိယဘက်သို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#အိန္ဒိယအစိုးရက #အကြမ်းဖက်မှုများကျူးလွန် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #တော်လှန်ရေးအဖွဲ့များ #လက်နက်ခဲယမ်းများ #တင်းကျပ်စွာဖမ်းဆီး #Ayeyarwaddy_Times