နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

မန္တလေးတိုင်း၊ မထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ အမှတ်(၃) ဗဟိုရပ်ကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ ထံကသိရသည်။

လူသတ်မှုကျူးလွန်သူများကို နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အသတ်ခံရသည့် အမျိုးသမီးများ၏ ယက္ကန်းရုံမှ အလုပ်သမားဖြစ်ကြောင်းသိရသည်။

“အသတ်ခံရသူတွေက ယက္ကန်းရုံပိုင်ရှင်တွေပဲ။ သူတို့အလုပ်ရုံမှာ ခန့်ထားတဲ့ အလုပ် သမားကပြန်သတ်တာ။ အဓိကကတော့ အလုပ်ရှင်တွေပိုင်ဆိုင်တဲ့ ရွှေငွေ လက်ဝတ် ရတနာတွေကို လိုချင်လို့သတ်သွားတာ။ လူသတ်တရားခံမိတဲ့ အချိန်မှာ လက်ဝတ် လက်စားတွေနဲ့ အလုပ်ရှင်ပိုင်ဆိုင်ထားတဲ့ ငွေကျပ် သိန်း၁၀၀၀ ပါတယ်”ဟု အမည် မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အသက်ခံရသူများမှာ ဒေါ်ကြည်(၇၈) နှစ်၊ ဒေါ်မြသွေး အသက် (၆၈)နှစ်၊ ဒေါ်စန္ဒာ (၅၃)နှစ်၊ ဒေါ်ဇင်ဇင်အေး (၃၈) နှစ် ဖြစ်ကြောင်း သိရသည်။

“ပိုင်ရှင် ဒေါ်မြမြသွေးရယ်၊ သူ့သမီးနဲ့အတူ ယက္ကန်းလာယက်သည့်အမျိုးသမီး နှစ် ဦး ကို သတ်သွားတာပါ။ ယက္ကန်းယက်ရာမှာအသုံးပြုတဲ့ တူလက်ရိုက်တုတ်တွေ အသုံးပြုပြီး သတ်သွားတာ။ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရဲက ဖမ်းဆီးရမိတယ်” ဟု ဒေသခံက ဆိုသည်။

သေဆုံးသွားသည့် အမျိုးသမီးလေးဦး၏ အလောင်းများကို သန္တိသုခ ပရဟိတလူမှု ရေးအသင်းမှ ဝမ်းတွင်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဝမ်းတွင်းမြို့ သိမ်တော်ကြီးသုသာန်တွင် မီးသင်္ဂြိုဟ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-သေဆုံးသူများ
#ဝမ်းတွင်းမြို့ #၄လောင်းပြိုင်လူသတ်မှု #အလုပ်သမားသတ်ဖြတ် #Ayeyarwaddy_Times