ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် ဆန်တင်လာသည့်ကုန်တင်ယာဉ်များကို ဖမ်းဆီးကာဆန်အိတ်များသိမ်းယူပြီး တပ်ရိက္ခာစုဆောင်းမှုများပြုလုပ်လာကြောင်း ဒေသခံများထံကသိရသည်။

ရေကြည်မြို့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၃ရက်နေ့ကစပြီးစစ်ကောင်စီတပ်အင်အား၂၀ ဦးထက်မနည်းချထားကာ မြို့တွင်းသို့ဝင်ရောက်နေသည့် ဆန်တင်ယာဉ်များကို ဖမ်းဆီးကာတပ်ရိက္ခာအကြောင်းပြ၍ကားတစ်စီးလျှင်ဆန် ငါးအိတ်နှုန်းဖြင့်အတင်းတောင်းနေကြောင်း ကုန်တင်ယာဉ်မောင်းများထံက သိရသည်။

“အရင်ကဂိတ်မှာစစ်သားဆိုရင်လူနဲနဲပဲတွေ့တာ။အခုအယောက်၂၀လောက်ရှိတယ်။ရဲတွေပြည်သူ့စစ်တွေလည်းရှိနေတာပေါ့။ ဆန်အိတ်တွေတောင်းနေတာက စစ်တပ်ကတပ်ကြပ်ကြီးအဆင့်နဲ့တပ်သားတွေ။သေနတ်နဲ့ချိန်ပြီးယာဉ်‌ရပ်ခိုင်းတယ်။ပြီးရင်ပါလာတဲ့ဆန်အိတ်ထဲက ကောင်းတဲ့ဆန်အိတ် ငါးအိတ်အတောင်းခံရတယ်”ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကုန်တင်ယာဉ်များကို ဖမ်းဆီး၍တပ်ရိက္ခာစုဆောင်းရန် ကြိုးပမ်းနေမှုမှာ ရေကြည်မြို့အခြေစိုက် အမြောက်တပ် အမတ (၃၄၄) တပ်က လုပ်ဆောင်နေကြောင်း သိရသည်။

“ ရှမ်းမြောက်ဘက်မှာ ရှေ့တန်းအပို့ခံရတဲ့တပ်သားတွေ ကျဆုံးများလာတော့ ခံတပ်ပုံစံပြင်ဆင်ဖို့လုပ်လိုက်ရတယ်။တပ်ရိက္ခာလည်းသိပ်မရတော့ဆန်ကားတွေကိုဖမ်းပြီးရိက္ခာစုနေရတယ်ပေါ့။တပ်ရင်းမှူးကိုယ်တိုင်ညွှန်ကြားတာဆိုတော့မဖြစ်မနေလုပ်ရတဲ့သဘောဖြစ်နေတယ်”ဟုအမတ(၃၄၄)နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

ရေကြည်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းမြောက်သို့ စစ်ကောင်စီတပ်အင်အား၁၀၀ ကျော် ပို့ဆောင်ခဲ့ပြီးနောက် မြို့အဝင်အထွက်လုံခြုံရေးအတွက် ပျူစောထီး(ပြည်သူ့စစ်) သင်တန်းဆင်း လူငယ်အချို့ကို အသုံးပြုနေကြောင်း သိရသည်။

#ရေကြည်မြို့နယ် #ကုန်တင်ယာဉ်များ #စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီး #ဆန်အိတ်များတောင်းယူ အမြောက်တပ်၃၄၄ #Ayeyarwaddy_Times