
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
မန္တလေးတိုင်း၊ ပြင်လွင်ဦးမြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်ရှေ့ရှိ ရပ်ကွက်ကြီး ၁၂ ( ရေချမ်းအိုး)ရပ်ကွက်ရှိ ပြည်သူပိုင်မြေနေရာများကို စစ်ကောင်စီက လုံခြုံရေးအကြောင်း ပြကာ သိမ်းယူရန် ကြိုးစားနေကြောင်း ရပ်ကွက်နေဒေသခံများထံက သိရသည်။
ရေချမ်းအိုးရပ်ကွက်၊ မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်တွင် အိမ်ခြေပေါင်း ၁,၀၀၀ ခန့်ရှိပြီး ပြည်သူပိုင်နေအိမ်များ၊ ကော်ဖီဆိုင်များအပါအဝင် တည်းခိုရိပ်သာများ တည်ရှိရာ နေရာကို စစ်ကောင်စီကသိမ်းဆည်းရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးအကြောင်းပြကာ မြေသိမ်းမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထပ်မံသိရမည်ဖြစ်ကြောင်း ရပ်ကွက်နေဒေသခံများက ဆိုသည်။
” ဒါကလုံခြုံရေးအကြောင်းပြသိမ်းတာပဲ။ စစ်တပ်က ဘာလို့မြို့ထဲလာနေလဲ။ မြို့အစွန် တွေ နယ်စပ်တွေမှာပဲနေရမှာ။ ပြည်သူတွေနေနဲ့နေရာကို ချဲ့လို့ဖြစ်မလား” ဟု ပြင်ဦးလွင် မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါမြေနေရာကို တပ်ပိုင်မြေပြု၍ သိမ်းဆည်းရန် ညွှန်ကြားသည့်လျှို့ဝှက်စာတွင် ဒုတိယဗိုလ်မှူးကြီးများ ဦးဆောင်ပါဝင်ဖွဲ့စည်းထားကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
“တိုက်ပွဲကြောင့် အထုပ်ပြင်မှာရမှာလား။ စစ်ကောင်စီမြေသိမ်းလို့ အထုပ်ပြင်ရမှာလား မသိတော့ဘူး။ မင်းအောင်လှိုင်(စစ်ခေါင်းဆောင်)သားက ပြင်ဦးလွင်က ကော်ဖီခြံတွေ အကုန်သိမ်းသွားတယ်။ အခုဒီနေရာကို မင်းအောင်လှိုင်သမီး မျက်စိကျတယ်ကြားတာပဲ” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ နေရာကို ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော် အလုပ်ရုံတည်ဆောက်မည်ဟု မြေနေရာ သတ်မှတ်ချိန်တွင် မြေယာပိုင်ရှင်တောင်သူအများစုက လက်မခံခဲ့သဖြင့် စီမံကိန်းမဖြစ်မြှောက်ခဲ့ဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက် မြေကွက်များကို ပြန်လည်သိမ်းယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ပြင်ဦးလွင်မြို့အနီး သံဘိုရွာနှင့် ကျောက်မဲလေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော် (TNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်
#ပြင်ဦးလွင် #တပ်မတော်နည်းပညာတက္ကသိုလ် #ပြည်သူပိုင်မြေနေရာများ #စစ်ကောင်စီသိမ်းရန်ကြိုးစား #ရေချမ်းအိုး #Ayeyarwaddy_Times