
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့၊ မနက် ၈ နာရီချိန်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ လက်နက်ကြီးကျည် အပြိုင်အလှန် ပစ်ခတ်မူကြောင့် ပလက်ဝမြို့အနီးရှိ အဘောင်သား ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၅၃ နှစ် အရွယ်နှင့် အသက် ၂၉ နှစ်အရွယ် အရပ်သား နှစ်ဦး သေဆုံးကာ ကလေး တစ်ဦးအပါဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မနက် ၈ နာရီလောက်က လက်နက်ကြီးကျည် ကျတာပါ။ ချမ်းလို့ မီးလှုံနေတဲ့ အရပ်သား တစ်ဦးက ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ တစ်ဦးက နာရီပိုင်းတွင်း ထပ်သေတယ်။ ကလေးတစ်ယောက်နဲ့ လူငယ် နှစ်ယောက်က ထိခိုက်ဒဏ်ရာရတယ်။ အိမ်မွေးတိရစ္ဆာန် ဝက် တစ်ကောင်သေတယ်။ အိမ်နေထိခိုက်ပျက်စီးမူတော့ မရှိဘူး။ ရွာထဲက လူတွေကက ဘေးလွတ်ရာ ထွက်ပြေးသွားကြတယ် “ဟု ဒေသခံ တစ်ဦးက ဧရာဝတိီတိုင်းမ်ကို ပြောသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ပလက်ဝမြို့အနီးနာရှိ ၎င်းတို့ တပ်စခန်းများတွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မူများကြောင့် အဘောင်သားကျေးရွာအနီးနားတွင် မကြာခဏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျေးရွာနေ ပြည်သူများသည် ကျေးရွာထဲတွင် မနေရဲကြတော့ဘဲ ဇန်နဝါရီ ၅ ရက်နေ့မှစ၍ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကာလတွင် ပလက်ဝမြို့နယ်မှ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ အခိုင်မာတပ်စွဲထားသည့် ဗျူဟာကုန်း သုံးခုနှင့် စခန်းကုန်း၊ စခန်းငယ် စုစုပေါင်း ၂၀ ကျော်ကိုလည်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။
#ပလက်ဝမြို့ #လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ #အရပ်သားနှစ်ဦးသေဆုံး #သုံးဦးထိခိုက်ဒဏ်ရာရ