ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် မဂူရိုးကျေးရွာရာအိမ်မှူးနှင့် အပေါင်းအပါတို့ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အနီးကျေးရွာများကိုစစ်ကောင်စီတပ်က ဇန်နဝါရီလ ၇ ရက်မှစပြီး သုံးရက်ကြာ စစ်ကြောင်းထိုးပြီး ဒေသခံ ၁၀ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံကသိရသည်။

ကျုံပျော်မြို့နယ်မဂူရိုးကျေးရွာတွင်ပြီးခဲ့သည့်ဇန်နဝါရီလ၆ရက်နေ့က ရာအိမ်မှူး ဦးသန်းမင်းအောင်နှင့်ဆယ်အိမ်မှူးဦးငွေသိန်းဆိုသူနှစ်ဦးကိုတော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“မဂူရိုးရွာမှာဖြစ်တဲ့နေ့ပဲ အင်အား၂၀တပ်စွဲပြီးစစ်တာ။နောက်တနေ့ ဇန်နဝါရီလ၇ရက်မှာကျတော့ကျွန်တော်တို့ကွင်းဘောရွာကိုစစ်ကြောင်းထိုးဝင်လာတာပေါ့။အင်အား၄၀ကျော်၅၀နီးပါးရှိမယ်။အနားကရွာတွေကိုလည်းစစ်ကြောင်းထိုးသွားသေးတယ်။ရွာထဲကသူတွေထဲကလူငယ်နဲ့လူလတ်အမျိုးသားတွေတော်တော်များများအဖမ်းခံရတယ်။ပြန်လွှတ်လိုက်လားတော့မပြောတတ်သေးဘူး” ဟု ကွင်းဘောကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်မှုအတွင်း ကွင်းဘောရွာ၊ အုန်းပင်စုရွာ၊ မဂူရိုးရွာနှင့်နတ်တော်ရွာအပါအဝင် ကျေးရွာ ခြောက်ရွာမှလူငယ်နှင့်လူလတ်အရွယ် အမျိုးသား ၁၀ ဦး ကျော် ဖမ်းဆီးခံရကာ ခလရ-၃၆ နှင့်ကျုံပျော်မြို့နယ်ရဲစခန်းတို့တွင် စစ်ဆေးနေကြောင်း ကျုံပျော်မြို့နယ်ရဲစခန်းနှင့် နီးစပ်သူများထံကသိရသည်။

“အဖမ်းခံရတာ လူငယ်တွေများတယ်။လူလတ်ပိုင်းတွေကတော့သိပ်မတွေ့ရဘူး။ဒီအတိုင်းသံသယနဲ့ဆွဲဖမ်းတဲ့သဘောပြောလို့ရတယ်ပေါ့။ခလရ-၃၆ ကလည်းဝင်စစ်တာဆိုတော့သေချာတာက ငွေညှစ်တော့မှာတော့ကျိန်းသေတယ်။ရဲစခန်းကိုရောက်လာတာက လေးယောက်လောက်ပဲရှိသေးတယ်။စစ်ကြောရေးမှာအရိုက်အနှက်ခံထားရတာမျက်နှာတွေကတော့ဖူးယောင်နေတာပဲ”ဟု ကျုံပျော်မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ရာအိမ်မှူးဦးသန်းမင်းအောင်နှင့်ဦးငွေသိန်းဆိုသူနှစ်ဦးအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ သတင်းများကို ပေးပို့ခြင်းနှင့် ကိုယ်တိုင်ဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကွင်းဘော ကျေးရွာမှ ရာအိမ်မှူးစစ်ကောင်စီသတင်းပေး ကိုမျိုး၊မင်းမင်းစိုးနှင့်ဆိပ်ကြီးဘောကုန်းကျေးရွာမှ ရာအိမ်မှူး ကျော်လေး တို့ကိုလည်း မြို့ နယ်စစ်ကောင်စီအဖွဲ့ဖြင့် ပူးပေါင်း၍ ဒေသခံပြည်သူများကို သတင်းပေးတိုင်းတန်း ဖမ်းဆီးနှိပ်စက်မှုများ ထပ်မံမပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ထိုက်သင့်သောတုန်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်ခရိုင်ပကဖအဖွဲ့မှသတိပေးထားသည်။

#ကျုံပျော်မြို့နယ်#ရာအိမ်မှူးပစ်သတ်ခံရမှုကြောင့် #စစ်ကောင်စီတပ်က စစ်ကြောင်းထိုး#ဒေသခံ ၁၀ဦးကိုဖမ်းဆီး #Ayeyarwaddy_Times