
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
“၀” ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိ ဟိုပန်နှင့်ပန်လုံမြို့ တို့မှ စစ်ကောင်စီ၏ စစ်စခန်း အားလုံးကို ဖယ်ရှားပြီးနောက် ၎င်းမြို့နှစ်မြို့ကို “၀”တပ်ဖွဲ့က လွှဲပြောင်းရယူလိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် ဟိုပန်မြို့ နှင့် ပန်လုံမြို့တို့ရှိ စစ်စခန်းများကို ကိုးကန့်တပ်မတော် (MNDAA) က ၀င်ရောက်တိုက်ခိုက်ထိန်းချုပ်ပြီးနောက် မူလပိုင်ရှင် ဖြစ် သည့် “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံသို့ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့က လွှဲ ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဟိုပန်မြို့နှင့် ပန်လုံမြို့တို့ကို MNDAA က “၀”တပ်ဖွဲ့ နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ကာ မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို ၀င်ရောက်ထိန်းချုပ်ပြီး မြို့ ကိုသိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့နှစ်မြို့သည့် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်းတည်ရှိသော်လည်း စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြို့များဖြစ်ပြီး ယခုအခါတွင် “၀” တပ်ဖွဲ့ လက်အောက်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ တောင်းဆိုမှုကြောင့် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ကာ ဟိုပန်မြို့နှင့်ပန်လုံမြို့တို့ကို ၀င်ရောက်ထိန်းချုပ်ရယူခဲ့ကြောင်း UWSA ၏ လားရှိုးပြင်ပဆက်ဆံ ရေးတာ၀န်ခံ ဦးညီရန်းက ဖြေကြားထားသည်။
ယင်းမြို့နှစ်မြို့မှ စစ်ကောင်စီတပ်သား ၇၀၀ ခန့်လက်နက်ချခဲ့ပြီး ၎င်းတို့ကို လားရှိုးမြို့သို့ ပြန်လည် လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နှစ်မြို့ကို ဒေသန္တရအုပ်ချုပ်ရေးလည် ပတ်စေရန် ပညာရေးနှင့် ကျန်းမာရေး CDM ၀န်ထမ်းများမှလွဲ၍ ကျန်၀န်ထမ်းနေရာများကို အုပ်ချုပ်ရေး ပိုင်းနားလည်သည့် “၀”ပြည်သူ့၀န်ထမ်းများနှင့် အစားထိုးသွားမည်ဟု ကြေညာထားသည်။
#စစ်ကောင်စီတပ်စခန်းများ #ဟိုပန်နှင့်ပန်လုံမြို့ #MNDAA #၀တပ်ဖွဲ့လက်လွှဲရယူ #Ayeyarwaddy_Times