
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ကရင်ပြည်နယ်အခြေစိုက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၁၀၂ မှ တပ်ခွဲမှူး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
တပ်ခွဲမှူး ဗိုလ်ကြီး ဗိုဗိုဟိန်း နှင့် စစ်ကောင်စီတပ်သား နှစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ကရင်ပြည်နယ်ရှိ ကျားသစ်နက်စစ်ကြောင်းထံသို့ လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
“အဓိက က စစ်အာဏာရှင်စနစ်ဆိုးကိုမကြိုက်လို့ ပြည်သူ့ရင်ခွင်ခိုလုံလာတာ။ စစ်တပ်က အတော်လေးပျက်စီးနေပြီး အထက်ဖား အောက်ဖိ လုပ်ဆောင်နေတာ တွေရယ်၊ ကိုယ်ချင်းစားတရားမရှိတာတွေရယ်ကြောင့် ပြည်သူ့ဘက်ကို ကူးပြောင်း လာတာ” ဟု CDM ပြုလုပ်လာသည့် တပ်မ (၄၄)လက်အောက်ခံတပ်ရင်း ခမရ-၁၀၂ တပ်ခွဲမှူး ဗိုလ်ကြီးဗိုဗိုဟိန်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗိုလ်ကြီး ဗိုဗိုဟိန်းသည် ၎င်းနှင့်အတူရှိသည့် တပ်ဖွဲ့ဝင် နှစ် ဦးကိုပါ ခေါ်ဆောင်ခဲ့ပြီး MA- 1 မောင်းပြန်သေနက် တစ်လက် ၊ MA-3 မောင်းပြန် တစ်လက် နှင့် 9-MM ပစ္စတို သေနတ်တို့ကိုပါ ယူဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ စစ်ကောင်စီတပ်အတွင်းတွင် အောက်ခြေ အရာရှိများက သံယောဇဉ်ဖြင့် ထိန်းထား၍ သေနတ်ပြောင်းပြန်လှည့်မလာခြင်းဖြစ်ပြီး ပြည်သူပါဝင်မှုမရှိသည့် မတရာသောစစ်ဖြစ်နေ၍ နိုင်စရာ အကြောင်းမရှိဟု CDM ပြုလုပ်လာသူ ဗိုလ်ကြီး ဗိုဗိုဟိန်းက ဆက်လက် ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပင် တပ်ခွဲမှူး ဗိုလ်ကြီးနှင့်တပ်သား နှစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်အပြင် မြိတ်မြို့အခြေစိုက် အမှတ် (၉၁၈) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေးတစ်ဦးသည်လည်း မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံက သိရသည်။
“ စစ်တပ်ထဲမှာ အောက်ကအရာရှိတွေက ငါတို့ မလုပ်ကြသေးဘူးကွာ ဆိုပြီး သံယောဇဉ် တရားလေးနဲ့ ထိန်းထားလို့သာ ကိုယ့်ပြောင်း ကိုယ့်ဘက်ကို မလှည့်သေးတာပေါ့။ ဗိုလ်ချုပ်နဲ့ အထက်လူကြီးတွေလည်း သိနေလောက်ပါပြီ။ မတရားတဲ့ စစ်ကတော့ နိုင်စရာ အကြောင်းမရှိပါဘူး။ ပြည်သူမပါတဲ့စစ် မတရားတဲ့ စစ်ဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်လုပ် ဘယ်လောက်လက်နက်ကြီးတွေရှိရှိ ဘယ်လောက်ပဲ လေယာဉ်တွေ သုံးသုံး မနိုင်ပါဘူး” ဟု ဗိုလ်ကြီး ဗိုဗိုဟိန်းက ဆိုသည်။
ပုံစာ- CDM ပြုလုပ်လာသည့် တပ်ခွဲမှူးဗိုလ်ကြီး နှင့် စစ်ကောင်စီတပ်သား များ
#တပ်မ၄၄ #တပ်ခွဲမှူးဗိုလ်ကြီး #စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦး #လက်နက်များ #ပြည်သူ့ရင်ခွင်ခိုလှုံ #Ayeyarwaddy_Times