
ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၂၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဇိုတုန်နယ်နှင့် မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အစပ်နေရာတခုတွင်စစ်ကောင်စီတပ်က အမည်မသိအရပ်သား ၂ ဦးကို သတ်ဖြတ်ပြီး ဇိုတုန်ဒေသခံပြည်သူ ၃၀ ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Supreme Council CDF-Zotungက ဇူလိုင်လ(၂၈)ရက်နေ့တွင် ဇိုတုန်ဘာသာစကားဖြင့် သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ(၂၄)ရက်နေ့တွင် ဂန့်ဂေါမြို့နယ်မှ မတူပီမြို့ နယ်၊ ဇိုတုန်ဒေသဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များက အမည်အသိ အရပ်သား ၂ ဦးကို သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ပြီး ဇိုတုန်နယ်၊ ရမ်းစီးရွာသားနှင့်ဇိုဒိုင်းဒင်ရွာသားစုစုပေါင်း ၃၀ ဦးခန့်ကိုလည်း ဖမ်းဆီးထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
“စစ်ကောင်စီတပ်က သတ်ဖြတ်ထားတဲ့အရပ်သား၂ ဦးရဲ့ အလောင်းကတော့ မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီးက ဇီးပြားရွာနဲ့အန့်တားကြားမှာ တွေ့တာပါ၊ အသတ်ခံထားရတဲ့ အရပ်သား ၂ ယောက်လုံး ချင်းတိုင်းရင်းသားတွေပါပဲ၊ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး၊ အဖမ်းခံရတဲ့ ရွာသားတွေကတော့ ရမ်စီးရွာသားနှင့် ဇိုဒိုင်းဒင်ရွာ သားတွေပါ။ စုစုပေါင်း ၃၀ လောက်အဖမ်းခံရပါတယ်၊စစ်ကောင်စီတပ်တွေရောက်လာတော့ ရွာသားတွေအကုန် လုံး ရွာပြင်မှာ ပုန်းကြတယ်၊ ရမ်စီးရွာသားတွေက ပုန်းနေရာကနေ စစ်ကောင်စီတပ်က ရွာထဲမှာဘာတွေဖျက် ဆီးထားသလဲဆိုပြီး ရွာအခြေအနေကို လာကြည့်ကြကြတော့ စစ်ကောင်စီတပ်က ပုန်းချောင်းပြီး ဖမ်းထားတာပါ”လို့ CDF-Zotungမှ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကျေးရွာအနီးတဝိုက်တွင် လှုပ်ရှားနေသေးသည့်အတွက် ကျေးရွာပြည် သူလူထုများလည်း လွတ်မြောက်ရာကို ပုန်းရှောင်နေကြဆဲဟု သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် တီလောဘက်နှင့်ရမ်စီးကျေးတို့ဘက်မှ စစ်ကြောင်း(၂)ကြောင်းခွဲကာ လှုပ်ရှားနေကြခြင်းဖြစ်ပြီး အသွားအလာမလုပ်ကြရန် CDF-ဇိုတုန်ကသတိပေးသည်။
“ပြည်သူလူထုတွေအနေနဲ့ အသွားအလာမလုပ်ကြဖို့ သတိပေးချင်ပါတယ်၊ စစ်ကောင်စီတပ်တွေက လူစိတ်ပျောက်နေတယ်ဆိုတာ ပြည်သူလူထုတွေကို ထပ်မံသတိပေးချင်ပါတယ်၊ ဒါကြောင့် စစ်ကောင်စီတပ်တွေကို ရှောင်နိုင်သမျှ ရှောင်စေချင်တယ်”လို့ CDF-Zotungမှ တာဝန်ခံတစ်ဦးက ထပ်မံအသိပေးပြောကြားသည်။
CDF-Zotung ထိန်းချုပ်ထားသောနယ်မြေတွင် စစ်ကောင်စီတပ်များထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ပြီး ပြည်သူလူထုများအနေဖြင့် အသွားအလာမပြုကြရန်နှင့် သတိရှိကြရန် CDF-Zotung က သတိပေးထားသည်။