
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇန်နဝါရီ ၁၁ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ကျောက်လုံးကြီးကျေးရွာက ဒေသခံရွာ သားသုံးဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကော်သူးလေအာမီ (KTLA) က ဖမ်းဆီးခဲ့ပြီးနောက် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံက သိရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ကျောက်လုံးကြီးကျေးရွာနေ အသက် (၅၂) နှစ် အရွယ် ဦးကျော်အေး ၊ အသက် (၃၈) နှစ်အရွယ် ဦးလှမြင့် နှင့် အသက် (၂၂) နှစ်အရွယ် ကိုကျော်ဇော်လင်း တို့ဖြစ်ကြပြီး ပင်းမချောင်းသို့ ရွှေကျင်သွားရာ လမ်းခုလတ်တွင် ကော်သူလေးအာမီ (KTLA) နှင့် တွေ့ကာဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မိသားစု ဝင်များထံက သိရသည်။
“ကျွန်မတို့ရဲ့ ဘဝတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေပါရှင်။ ခင်ပွန်းတွေ အလုပ်လုပ်မှ ထမင်းစားရတာပါ။ ကျွန်မတို့ မှာ ကလေးတွေက ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဒီကလေးတွေနဲ့ ကျွန်မတို့ဘယ်လိုရှေ့ဆက်ကြရမလဲ။ သူတို့ သုံးယောက် စလုံးက ရိုးရိုးသားသားနဲ့ အလုပ်လုပ်နေကြတဲ့ သာမန်ပြည်သူတွေပါ။ အခုဆိုရင် ကျွန်မတို့မှာ စားဝတ်နေရေးအတွက် အရမ်းကိုအခက်အခဲဖြစ်နေရပါပြီ။ ကျွန်မ တို့ ခင်ပွန်းတွေဟာ စစ်ကောင်စီသတင်းပေးတွေမဟုတ်သလို ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပတ်သက်ဆက်နွယ်တဲ့ သူတွေမဟုတ်ပါဘူး။ အမှန်အတိုင်းပဲဖြစ်စေချင်ပါတယ်” ဟု သေဆုံးသူများ၏ မိသားစုဝင်များက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသူ သုံးဦးစလုံးသည် အိမ်ထောင်သည်များဖြစ်ကြပြီး ဇနီးသည်များ နှင့် လသား အရွယ်ကလေးငယ်များ အပါအဝင် အသက် ၅ နှစ် မှ ၈ နှစ်အရွယ် ကလေးများရှိကြောင်း သိရသည်။
ကျောက်လုံးကြီးကျေးရွာရှိ ဒေသခံရွာသား သုံးဦး ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်း အကြာတွင် မိသားစုဝင်များက ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF တပ်ဖွဲ့မှ တာဝန်ရှိသူထံ ဖုန်းဖြင့်ဆက်သွယ်၍ အဖမ်းခံရသည့် ခင်ပွန်းသည်များကို ဝိုင်းဝန်း စုံစမ်းမေးမြန်းပေးရန် အကူညီတောင်းခံခဲ့ကြောင်း Spring Dhamma PDF ထံက သိရသည်။
“ကျွန်တော့်ကို ဖမ်းဆီးခံရတဲ့ ခင်ပွန်းတွေရဲ့ဇနီးသည် တွေက အကူညီတောင်း လာတာပါ။ သူတို့ရဲ့ ခင်ပွန်းတွေကို KTLA က ဖမ်းသွားတဲ့အကြောင်း ငိုပြီးပြောလာကြတယ်။ ဘာအပြစ်မှမရှိတဲ့ သူတွေကိုဖမ်းသွားတယ်ဆိုတော့ အရမ်းသနားပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ဒါနဲ့ ဆာကဆော တပ်မဟာ ကော်သူလေးအာမီက ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုချမ်းကို ဖမ်းဆီးခံထားရတဲ့ ဒေသခံရွာသား သုံးဦး နဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့တယ်” လို့ ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF တာဝန်ခံ ဗိုလ်ယက္ခ က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ ဆက်သွယ်မေးမြန်းရာတွင် ဆာကဆော တပ်မဟာ ကော်သူးလေတပ်မတော် (KTLA) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက တိကျမှန်ကန်သည့် အကြောင်းပြ ချက်ကို ပြန်လည်ဖြေကြားပေးခဲ့ခြင်း မရှိသလို တာဝန်ရှိသူ အဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဖမ်းဆီးထားခြင်းမရှိဟုသာ ပြန်လည်ဖြေဆိုခဲ့ကြောင်း ဗိုလ်ယက္ခ က ဆက်လက်ပြောကြားသည်။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့သည် ပြည်သူ့ဆန္ဒကို အလေးထား၍ ကျောက်လုံးကြီးရွာသား သုံးဦး ရွှေကျင်သွားသည့် ပင်းမချောင်းဘက်သို့ တောနင်း ရှာဖွေမှုများပြုလုပ်ခဲ့ရာ ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်အချို့နှင့် ထိပ်တိုက် တွေ့ရှိ၍ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရာ ရွာသားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ကော်သူးလေအာမီ (KTLA) က ရဲဘော် တွေကို ဖမ်းပြီး စစ်ဆေးလိုက်တာ သူတို့ သတ်ဖြတ်လိုက်ပြီလို့ ဝန်ခံထွက်ဆိုတယ်။ ပြီးတော့အဲဒီ ရဲဘော်ရဲ့ ဖုန်းထဲမှာ ဒေသခံရွာသားတွေကို သတ်ဖြတ်ထားတဲ့ ရုပ်သံမှတ်တမ်းအချို့ကို လည်း သက်သေ အဖြစ်နဲ့ရရှိထားတယ်” ဟု Spring Dhamma PDF ရဲ တာဝန်ခံ ဗိုလ်ယက္ခ က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျောက်လုံးကြီး ရွာ ဒေသခံရွာသား သုံးဦးကို သတ်ဖြတ်သူများသည် ကော်သူးလေ အာမီ(KTLA) အဖွဲ့၏ ဒုခွဲမှူးအဆင့်ရှိသူ နှင့် စုစုပေါင်းလေးဦး ပါဝင်ခဲ့ကြောင်း ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များ၏ ရုပ်သံမှတ်တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဆာကဆော တပ်မ ကော်သူးလေတပ်မတော် (KTLA) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်တို့လည်း အဲ့ဒီဖြစ်စဥ် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်” ဟု ဖြေကြားခဲ့သည်။
ကျောက်လုံးကြီး ဒေသခံရွာသားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်မှုနှင့်ပတ်သက်၍ KTLA က တာဝန်ရှိသူများအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များအတွက် မည်ကဲ့သို့သော တာဝန်ယူမှု တာဝန်ခံမှုများ လုပ်ဆောင်ပေးမည်ကို သေဆုံးသူမိသားစုဝင်များအပြင် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ပုံစာ – ဖမ်းဆီးသတ်ဖြတ်ခံရသည့် ကျောက်လုံးကြီး ဒေသခံရွာသားများ
#ရေဖြူမြို့နယ် #ကျောက်လုံးကြီးရွာ #ဒေသခံရွာသား၃ဦး #KTLAဖမ်းဆီးသတ်ဖြတ် #Ayeyarwaddy_Times