
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ယုန်လေးကုန်းကျေးရွာသို့ ဝင်ရောက် စီးနင်း၍ ဒေသခံပစ္စည်းများအား ခိုးယူခဲ့သည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက အပြန်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး နေရာတွင်ပင် သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကတည်းက ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ဒေသခံများ ပိုင်ဆိုင်သည့် ပစ္စည်းများကို သယ်ယူခြင်းများ လုပ်ဆောင်နေ၍ ယမန်နေ့ နံနက် ၉ နာရီ ၂ မိနစ်ခန့်က ဘုတလင်မြို့ပေါ်သို့ အပြန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်က အပြန် သီးပင်အိုင် ကျေးရွာ အနောက်ဘက်ကနေ စောင့်ပြီးတိုက်ခိုက်ခဲ့တာ။ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားချိန်က ၂၈ မိနစ်လောက်ပဲကြာမယ်။ ဒုတိယဗိုလ်မှုးကြီးအဆင့်ရှိတဲ့ စစ်ကြောင်းမှူး အောင်ဇော်လင်း နဲ့အတူ အခြားစစ်သားလေးဦးကိုပါသုတ်သင်နိုင်ခဲ့တယ်။ နောက်စစ်သား ခြောက်ဦး လည်း ထိခိုက်ဒဏ်ရာရရသွားတယ်” ဟု ကျောင်းသားလက်ရုံးတပ် (SAF) တပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးကုသမှုခံယူနေပြီး လွတ်မြောက်ရာနေရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း SAF တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ် (SAF)တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂၄)၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ) တို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ ကျောင်းသားလက်ရုံးတပ် (SAF) သည် စစ်ကောင်စီ အာဏာရှင်စနစ်အပြီးပြတ် ချေမှုန်းနိုင်ရန်အတွက် အခြေခံစစ်ပညာသင်တန်းတက် ရောက်ရန် အပတ်စဉ်သင်တန်းသားများခေါ်ယူနေပြီး ကျန်းမာရေး ကောင်းမွန်သည့် အသက် ၁၈ နှစ်မှအသက် ၅၀ နှစ်အတွင်းရှိသူများကို Student Armed Forc က ကြိုဆို လက်ခံလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့မှပေးပို့သည်
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ပြီးအပြန်
#မုံရွာဘုတလင်မြို့နယ် #ယုန်လေးကုန်းကျေးရွာ #ဝင်ရောက်စီးနင်း #စစ်ကောင်စီတပ် #ကြားဖြတ်အတိုက်ခံရ #တပ်ရင်းမှူးအပါဝင်၄ဦးသေဆုံး #Ayeyarwaddy_Times