ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဇန်နဝါရီ ၁၁ ရက်

သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က လွတ်ရက် စေ့ပြီဖြစ်သော်လည်း စစ်ကောင်စီက ယနေ့ ဇန်နဝါ ၁၁ ရက်နေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြင့်ကို လွတ်ရက်စေ့ခါနီးတွင် (၇၆) နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း မိသားစုနှင့်တွေ့ခွင့်မရမီ ပြန်လည်ဖမ်းဆီးခဲ့ခြင်းသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ကို သာယာဝတီမြို့နယ်ရဲစခန်း၌ အဆိုပါနေ့တွင်ပင် ပြန်လည်ဖမ်းဆီးခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်သည် လွတ်ငြိမ်းဖြင့် မဟုတ်လျှင်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် နေ့က လွတ်ရက်စေ့နေပြီဖြစ်ပြီး စစ်ကောင်စီက သာယာဝတီထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အခုတော့ ထောင်အချုပ်ကိုပြန်ပို့ထားပြီး ခြေချုပ်ထားတယ်လို့သိရတယ်။ သူ့ကိုအာမခံ ပေးမဲ့သူရှိရင်ပြန်လွတ်မယ်။ မရှိရင် သူ့နေရပ်လိပ်စာအပိုင်ဖြစ်တဲ့ သုံးဆယ်ရဲစခန်းကနေ တရားထပ်စွဲမယ်လို့သိရတယ်။ အခုထိတော့ အာမခံပေးမဲ့သူမရှိလို့ မလွတ်တဲ့ သဘောပါ။ ဦးအောင်မြင့်ကိုယ်တိုင်နဲ့လည်း ဘယ်မိသားစုဝင်မှ အဆက်အသွယ်မရဘူး၊ မိသားစုဝင်‌တွေကိုယ်တိုင်လဲ တိကျတဲ့သတင်းမရဘူး ဖြစ်နေတဲ့အခြေအနေပါ ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်မြင့်ကို စစ်ကောင်စီက မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)၊ ခြေချုပ်ပုဒ်မ ၅(၁)(စ) စသည့်ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၂၅ ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပြီး လွတ်ရက်စေ့‌သည့်နေ့တွင်ပင် ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံတရားစွဲကာ ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်

#စစ်ကောင်စီ #လွတ်ရက်စေ့ #သာယာဝတီလွှတ်တော်အမတ်ဦးအောင်မြင့် #ပြန်လည်လွှတ်ပေးခြင်းမရှိ #ထောင်ချုပ်သို့ပို့ဆောင် #Ayeyarwaddy_Times