ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

စစ်တက္ကသိုလ်နှင့် မိုင်အနည်းငယ်သာ ဝေးတော့သည့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောက်မဲလေးကျေးရွာ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် (TNLA) နှင့် မန္တလေး MDY PDF တို့ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ကျောက်မဲလေးကျေးရွာထဲရှိ စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ကတည်းက ယနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ခုခံကာ ကွယ်နေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ် များသုံး၍ တ‌စ်နေ့လျှင် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ အပြင်းအထန် ကာကွယ်နေသည့်ကြားမှ ၎င်းတို့၏ သံဘိုရွာ စစ်စခန်း လက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် မဟာမိတ်အဖွဲ့များသည် ပြင်ဦးလွင်မြို့နယ် အတွင်းသို့ ဆက်လက်ထိုးစစ်ဆင်လာသည့်အတွက် မြို့ကိုခံစစ်ပြင်ကာ လေကြောင်းမှ လည်း စစ်ကူဖြည့်တင်းနေသည့်အပြင် သာလွန်အင်အားအသုံးပြု၍ ခုခံစစ်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

“အခုပြင်ဦးလွင်စစ်တက္ကသိုလ်နားက ရွာတွေကိုစစ် ကောင်စီက လာဖယ်ခိုင်းထားတယ်။ စစ်ပြင်ဆင်ဖို့ ဖယ်ခိုင်းတယ်လို့တော့ ပြောတာပဲ။ အခြားသတင်း တွေလည်း ထွက်နေတယ်။ ကျောက်မဲလေးနဲ့နီးတဲ့ရွာတွေက မြို့ပေါ်တွေကို ပြောင်းလာနေကြပြီ။ လေယာဉ်နဲ့ တောက်လျှောက်ကြဲနေတာ” ဟု ပြင်ဦးလွင်ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီက ခံစစ်အင်အားကို အဆမတန်တိုးချဲ့နေပြီး မန္တလေးနှင့် မိတ္ထီလာမြို့များရှိ တပ်ရင်းများကိုလည်း ပြင်ဦးလွင်မြို့သို့ ခေါ်ယူ၍ ခံစစ်ပြင်ဆင် ထားကြောင်း သိရသည်။

ယခုကဲ့သို့ အင်အားတိုးမြှင့်ခံစစ်ပြင်နေသည့် ပြင်ဦးလွင်ရှိ ဒေသခံများနှင့် တပ်မိသားစု ၀င်အချို့ အခြားမြို့နယ်များသို့ ပြောင်းရွှေ့နေကြပြီး တပ်တွင်းရှိ မိသားစု၀င်များကိုမူ တပ်ပြင်ပသို့ပေးမထွက်တော့ဘဲ လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဆိုသည်။

“DSA နဲ့ DSTA ကျောင်းအနီးတွေမှာလည်း လက်နက်ကြီးတွေ ပြင်ဆင်ထားတယ်။ လားရှိုးကတပ်တွေ ရောက်နေတယ်လို့လည်း ကြားတယ်။ ပြင်ဦးလွင်ကို လုံး၀အပါ မခံမယ့်သဘော ပြင်ဆင်နေတာ” ဟု တပ် တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲလေးကျေးရွာ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ သည် စစ်ကောင်စီက ဂျက်ဖိုက်တာ ၊ Mi- 35 ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#ပြင်ဦးလွင်စစ်တက္ကသိုလ် #မိုင်အနည်းငယ် #ကျောက်မဲလေးကျေးရွာ #မဟာမိတ်အဖွဲ့ #ထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times