
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ အချက် အလက်များအား ဖြေလျော့ပေးရန် နိုင်ငံပါတီများက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တင်ပြတောင်းဆိုခဲ့ကြောင်း အဆိုပါ နိုင်ငံရေး ပါတီများထံက သိရသည်။
စစ်ခေါင်းဆောင်နှင့် ၎င်းပြင်ဆင်ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ခွင့် ကျပြီးသော နိုင်ငံရေးပါတီ ၃၉ ပါတီတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီများက အခက်အခဲများနှင့် ပတ်သက်၍ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေကြောင့် ကြုံနေရတဲ့ အခက်အခဲလေးတွေကို လျော့ပေါ့ပေးဖို့ ပြောတာပေါ့ဗျာ။ ဥပမာ- ရုံးငှားရတာ ခက်ခဲတယ်၊ ဆိုင်းဘုတ်တင်ရတာ ခက်ခဲတယ်၊ နိုင်ငံရေးအခြေအနေအရ ငှားရပြုရ တာ ခက်ခဲတယ်ပေါ့ဗျာ။ အဲဒါကြောင့် ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာလေးတွေ ပြောကြဆိုကြတာ တွေ့ပါတယ်” ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဆင်ပြဌာန်းခဲ့ပြီး ထိုဥပဒေ သစ်သည် ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထက် ကန့်သက်ချက်များ ပိုမိုများပြား နေကြောင်း သိရသည်။
အဆိုပါ ဥပဒေသစ်တွင် ပြည်ထောင်စုတဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းကို စည်းရုံးရမည်ဟု သတ်မှတ် ထားပြီး ယခင် ဗိုလ်သန်းရွှေ ပြဌာန်းခဲ့သည့် ဥပဒေထက် စည်းရုံးရမည့် ပါတီဝင်ဦးရေ အဆပေါင်း ၁၀၀ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
“ပါတီတိုင်းလိုလို အခက်အခဲရှိတာကတော့ ပါတီဝင်အင်အား စုဆောင်းတာတွေ အရင်လောက် မလွယ်ဘူး။ ဘာကြောင့်လည်းဆိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေအရဆိုရင် တချို့ကျတော့လည်း ပါတီဝင်လုပ်ရမှာကို မလုပ်ရဲတာတွေ ရှိတယ်။ အခုလက်ရှိ အခြေအနေကလည်း အကုန်လုံးသိတဲ့ အတိုင်းပဲလေ။ ပါတီဝင်လို့ရှိရင် ဘာများဖြစ်နိုင်သလဲဆိုပြီး အဲလိုဟာမျိုးတွေ ရှိတယ်ပေါ့။ တချို့ကလည်း မဝင်ကြသလို တချို့ ကျလည်း မှတ်ပုံတင်မရှိလို့ မဝင်နိုင်တာတွေ ရှိတယ်။ အဲဒီလို မှတ်ပုံတင်မရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ပါတီက ဒုဥက္ကဌ ကနေပြီးတော့ တင်ပြထားတာ ကြာပါပြီ။ အဲဒီအတွက်ကြောင့် ဒီမှတ်ပုံတင်ကိစ္စကတော့ အခုတော်တော်လေးကို အဆင်ပြေ သွားတယ်” ဟု ဒီမိုကရက်တစ်(မြန်မာ)ပါတီ ဥက္ကဌ ဒေါ်သန်းသန်းနုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီသည် မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ခြောက်လအတွင်း မြို့နယ်ပေါင်း ၁၆၅ မြို့နယ်၌ ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဖြစ်သလို ပါတီရန်ပုံငွေအဖြစ် ငွေကျပ်သိန်း ၁,၀၀၀၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ယှဉ်ပြိုင်မည့် ပါတီဖြစ်ပါက ငွေကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်၌ ငွေစာရင်းထားရှိရမည်ဖြစ်ကြောင်း သိရသည်။
“အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အခက်အခဲများစွာ ရှိပါတယ်။ တစ်ခုပြောချင်တာက ကျွန်တော်တို့ပါတီဟာ ပြည်သူကို မျက်နှာမူပြီး တည်ထောင်ထားတာ ဖြစ်တဲ့အတွက် ပြည်သူ့အတွက် ဆိုရင် ဘာအခက်အခဲပဲလာလာ ရအောင်ကျော်ဖြတ် သွားမှာပါလို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ပါတီမှ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသူရမျိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်ကမူ ၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သော တောင်းဆိုမှုများအား ရေရှည်အတွက်စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဟု ထို့နေ့က တုံ့ပြန်ပြောဆိုခဲ့ ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
ယင်းအပြင် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်ဟု ပြောဆိုခဲ့သလို ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍လည်း ပါတီများအနေဖြင့် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် စစ်ခေါင်းဆောင်က ဆိုသည်။
“အခုထက်ထိတော့ လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေကို လက်ခံနေတုန်းပဲ။ အကုန်လုံးကို ပယ်သေးတာ မဟုတ်ဘူး။ လက်ခံပြီးသလောက်လည်း လက်ခံပြီးပြီ။ ဆိုတော့ ဒီခြောက်လအတွင်းတောင် ပြီးပါ့မလား မသိဘူး။ ဘာကြောင့်လည်းဆိုတော့ သူက အချိန်ပေးထားတာက ပါတီဝင်စာရင်းကို ဘယ်နှစ်လအတွင်းမှာ တစ်သိန်း ပြည့်အောင် တင်ရမယ်တို့ဘာတို့။ ပြီးတဲ့အခါကျတော့ ရုံးဖွင့်ရတာတို့ အဲဒါတွေ ရှိတယ်ဆိုတော့ အဲဒါတွေက အဲ့ဒီလောက် မြန်မြန်ကြီး လုပ်လို့မရဘူး” ဟု ဒီမိုကရက်တစ် (မြန်မာ) ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ပြောသည်။
လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် အခြေအနေနှင့်အတူ နိုင်ငံရေး အခြေအနေများအရ ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်သေးဟု လေ့လာသူများက ထောက်ပြထားသော် လည်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော် အာဏာ လွှဲပြောင်း ပေးနိုင်ရေးကို မဖြစ်မနေ အကောင်အထည် ဖော်ဆောင်သွားမည်ဟု စစ်ခေါင်းဆောင်က ထပ်လဲလဲ ပြောဆိုလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများကို မဲများသူအနိုင်ယူစနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဆိုပါစနစ်အား ပယ်ဖျက် ကာ PR စနစ်ကျင့်သုံး၍ ရွေးကောက်ပွဲ ကျင့်သုံးရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိအခြေအနေအရ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ရွေးကောက်ပွဲ အခြေအ နေကတော့ သူ့အစီအစဉ်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ပဲ မြင်ပါတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲအတွက် တရားဝင်မှတ်ပုံ တင်ခွင့်ပြုတဲ့ ပါတီတွေကတော့ ပြင်ဆင်နေလောက်ပြီလို့ ယူဆပါတယ်” ဟု ပြည်သူ့ပါတီမှ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသူရမျိုးက ဆိုသည်။
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သာ အနိုင်ရရန် စီစဉ်ပြုလုပ်သော ဟန်ပြ ရွေးကောက်ပွဲဖြစ်ပြီး ယင်းရွေး ကောက်ပွဲကို ယုံကြည်မှုမရှိကြောင်း ပြည်တွင်းရှိ အင်အားကြီး နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ထုတ်ပြန် ပြောဆိုထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ- စစ်ခေါင်းဆောင်နှင့် နိုင်ငံရေးပါတီများ ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်
#စစ်ကောင်စီ #နိုင်ငံရေးပါတီများ #မှတ်ပုံတင်ခြင်းဥပဒေသစ် #ဖြေလျော့ရန် #နိုင်ငံပါတီများတောင်းဆို #Ayeyarwaddy_Times