
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ရက်
ဧရာဝတီတိုင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသများသို့ မပြောင်းရွှေ့ရေးအတွက် အထက်အဆင့်ဆင့်သို့ ငွေသိန်းရာချီလာဘ်ထိုးမှု ပြုလုပ်နေကြောင်း ယာဉ်ထိန်းအသိုင်းအဝိုင်းထံက သိရသည်။
ပုသိမ်မြို့တွင်ဒုရဲမှူးနှင့် ရဲအုပ်အဆင့်အရာရှိများအပါအဝင် ယာဉ်ထိန်းရဲများမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်ရှမ်းမြောက်၊ပဲခူးတိုင်းနှင့်ရခိုင်ပြည်နယ်များသို့ ယာဉ်ထိန်းရဲအဖြစ်မှ ရဲဝန်ထမ်းအဖြစ် ပြောင်းလဲကာပြောင်းရွှေ့ရန်စီစဉ်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ ယာဉ်ထိန်းအဆင့်ရဲတွေထဲမှာ ရာထူးအကြီးပိုင်းတွေကို တိုက်ပွဲဖြစ်တဲ့ဘက်ပြောင်းဖို့ရှိနေတယ်။အမိန့်ကတော့လျို့ဝှက်ထွက််ထားတာ။အဲဒါပြောင်းရမှာစိုးလို့ အထက်ကသူတွေကို လိုက်ပြီးငွေထိုးနေရတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့ပြောင်းရွှေ့ရန် အမိန့်ထွက်ပေါ်နေမှုကြောင့် ဇန်နဝါရီလပထမအပတ်ကစပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ နေ့စဉ်အမှုရရှိရေးအတွက် ယာဉ်အစီးရေကန့်သတ်ချက်ဖြင့် ဖမ်ဆီးငွေညစ်တောင်းခံ၍ တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နေပြည်တော်ရဲချုပ်ထံသို့ငွေကျပ်သိန်း၅၀၀ထက်မနည်း လာဘ်ထိုးမှုပြုလုပ်နေကြောင်းလည်း ယာဉ်ထိန်းရဲအသိုင်းအဝန်းထံကသိရသည်။
“အခုရိုးရိုးရဲတွေတင်မဟုတ်ဘူး။ ယာဉ်ထိန်းတွေပါရှေ့တန်းအပို့ခံရတော့မယ်။နေ့တိုင်းအမှုတွေမရမကရှာပြီးငွေရှာနေရတယ်။ ယာဉ်တိုက်မှုကနေ လိုင်စင်ရှိမရှိစစ်တဲ့အထိ နေ့တိုင်း၁၀သိန်းမရမက ရှာရတယ်။ပြီးတာနဲ့တိုင်းရဲမှူးနဲ့ ရဲချုပ်ဆီကို သိန်း၅၀၀ လာဘ်ထိုးရတယ်။ယာဉ်ထိန်းနဲ့မသွားရဘူး။ရိုးရိုးရဲဘဝနဲ့ဆိုတော့မလွယ်ဘူး”ဟု ပုသိမ်မြို့ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် နီးစပ်သည့် ရဲအရာရှိတစ်ဦးကဆိုသည်။
အလားတူဧရာဝတီတိုင်းတွင် ဇန်နဝါရီလကစပြီးငပုတော၊ပုသိမ်၊ညောင်တုန်းနှင့်ဟင်္သာတစသည့်မြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွါးရာဒေသများသို့ မပြောင်းရွှေ့စေရန်အတွက် အထက်အဆင့်ဆင့်သို့ ငွေသိန်းရာချီလာဘ်ထိုးမှုများ ပြုလုပ်နေကြောင်းသိရသည်။
#ဧရာဝတီတိုင်း #ယာဉ်ထိန်းရဲ #မပြောင်းရွှေ့ရရေး #ငွေသိန်းရာချီလာဘ်ထိုးနေရ
#Ayeyarwaddy_Times