
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ရုပ်ရှင်မှတ်တမ်းဒါရိုက်တာ ရှင်ဒေဝီကို ရုပ်ရှင်မှတ်တမ်းရိုက်ကူးရေး အမျိုးအစားဒရုန်း ဝယ်ယူ၍ စစ်ကောင်စီက ဖမ်းဆီးကာ ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် မတရားအမိန့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မတရား ဖမ်းဆီးခဲ့ပြီး နှစ်လကျော်အကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၄(ဃ) တို့ဖြင့် အင်းစိန်ထောင်တရားရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“သူ့(ရှင်ဒေဝီ)ဘဝတစ်လျှောက်လုံး မှတ်တမ်းရုပ်ရှင်ပဲ ရိုက်ကူးခဲ့ပြီး တစ်သက်လုံး ဒီအလုပ်ပဲလုပ်လာတာ။ မှတ်တမ်းရိုက်ရင် ပဋိက္ခနေရာရောက်ရင် လူသားချင်း စာနာမှုအနေနဲ့ အစားအသောက်တွေ ၊ စောင်တွေ ပေးတဲ့သူပါ။ ဖမ်းဆီးခံရပြီး ကတည်းက မိသားစုနဲ့တွေ့ခွင့်မရတဲ့အတွက် ကာယကံရှင်ကိုင်တိုင်ရော မိသားစုဝင် အနေနဲ့ပါ အများကြီးနစ်နာပါတယ်” ဟု ရှင်ဒေဝီ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာအဖြစ် ရပ်တည်သူ ရှင်ဒေဝီသည် နိုင်ငံတကာရုပ်ရှင် ပွဲတော်များတွင် မှတ်တမ်းရုပ်ရှင်ဆုများရရှိထားသူဖြစ်ပြီး ပန်းချီဆရာကြီး ရာဟုလာ အကြောင်းမှတ်တမ်းရုပ်ရှင်အပါအဝင် “Now I am 13”၊ “Take me Home” မှတ်တမ်းများကထင်ရှားသည့်အပြင် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ စမ်းချောင်းဆစ်ကွန် ဆစ်ကွန်စမ်းချောင်းကို ရိုက်ကူးခဲ့သူဖြစ်သည်။
မှတ်တမ်းရုပ်ရှင် “Now I am 13” သည် ဆင်းရဲမွဲတေမှုကြောင့် ပညာဆက်မသင်နိုင်သည့် စစ်ကိုင်းတိုင်းက ၁၃ အရွယ်မိန်းကလေးအကြောင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Kota Kinabalu International ရုပ်ရှင်ပွဲတော်တွင် ငွေဆု၊ ဝဿာန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုတို့ ရရှိခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ရုပ်ရှင်မှတ်တမ်းဒါရိုက်တာ ရှင်ဒေဝီ
#မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ #ရှင်ဒေဝီ #ရုပ်ရှင်ရိုက်ကူးရေးဒရုန်း #ဖမ်းဆီး #ထောင်တစ်သက်တစ်ကျွန်းချမှတ် #Ayeyarwaddy_Times