
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နာဖော့စစ်စခန်းသို့ စစ်ကူလာပို့သည့် Mi-17 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကပစ်ချခဲ့ရာ ရဟတ်ယာဉ် ပေါ်ပါလာသူများအားလုံး သေဆုံးခဲ့ပြီး ၎င်းတို့၏နာရေးကို စစ်ကောင်စီ၏ မြစ်ကြီးနား လေတပ်တွင် အလောင်းမပါဘဲ ဓာတ်ပုံများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလောင်းမပါဘဲ ဓာတ်ပုံများဖြင့် ပြုလုပ်သည့်နာရေး ရက်လည်ကို ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့က မြစ်ကြီးနားလေတပ်တွင်ပြုလုပ်ခဲ့ပြီး သေဆုံးသူများမှာ ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသက် (၄၂) နှစ်၊ ဗိုလ်ကြီးကောင်းစံသိန်း (၃၃) နှစ်၊ ဗိုလ်ကြီးစိုးပိုင် ကျော် (၃၁) နှစ်၊ ဒုအရာခံဗိုလ် ၀င်းမျိုးထွန်း (၄၂) နှစ်၊ ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး (၃၆) နှစ်၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး (၃၇) နှစ်၊ ဦးစီးတပ်ကြပ်ကြီး ဝေယံဦး (၃၁) နှစ်၊ ဦးစီးတပ်ကြပ်ကြီး စွမ်းထက်အောင် (၂၃) နှစ် စုစုပေါင်း ရှစ် ဦးဖြစ်ကြောင်း နာရေး ဖိတ်စာအရ သိရ သည်။
“နယ်မြေရှင်းလင်းရေးလုပ်တဲ့လူတွေ တင်ပြလာတာ ကတော့ ခြောက် ယောက် အလောင်းပဲ တွေ့တယ်။ အရှင်ဖမ်း မိသူ၊ အသက်ရှင်ကျန်သူတွေကို သီးခြားတင်ပြထား တာမရှိဘူး။ အတည်ပြုနိုင်တာကတော့ ခြောက် ယောက်သေဆုံးတယ်” ဟု KIA ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြစ်ကြီးနားမှ ဝိုင်းမော်မြို့နယ် နာဖော့စစ်စခန်းသို့ ပျံသန်းလာသည့် စစ်ကောင်စီ၏ Mi- 17 ရဟတ်ယာဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် KIA က ပစ်ချလိုက်ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် စစ်ကောင်စီအဖွဲ့၀င်အားလုံး သေဆုံးကြောင်း KIA ကထုတ်ပြန်ထားသည်။
စစ်ကောင်စီက အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ရှစ် ဦးရှိသည်ဟု ဆိုကာ နာရေးပြုလုပ်ခဲ့သော်လည်း ရှင်းလင်းရေးလုပ်ဆောင်ရာတွင် အလောင်း ခြောက်လောင်း သာတွေ့ရှိရကြောင်း KIA ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
အဆိုပါ Mi-17 ရဟတ်ယာဉ်ပစ်ချခံရမှု ဖြစ်စဉ်အပြီးတွင် နာဖော့စစ်စခန်းမှ ထွက်လာ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လိုင်စင်တောင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ပုံစာ- Mi-17 ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများကို မြစ်ကြီးနား လေတပ်၌ အလောင်းမပါဘဲ ဓာတ်ပုံများဖြင့်ပြုလုပ်စဉ်
#ကချင်ပြည်နယ် #နာဖော့စစ်စခန်း #Mi17ရဟတ်ယာဉ်ပျက်ကျ #စစ်ကောင်စီတပ်ဖွဲ့ဝင် #အားလုံးသေဆုံး #နာရေးဓာတ်ပုံဖြင့်ပြုလုပ် #Ayeyarwaddy_Times