ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ သံဘို ရွာစစ်စခန်း ပြန်လည်ရရှိရန် ထပ်မံ၍လွှတ်လိုက်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူးဒုဗိုလ်မှူးကြီးသက်ဇော်ထွန်း ပျောက်ဆုံးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က နောင်ချိုမြို့ သံဘို ရွာရှိ စစ်ကောင်စီ၏ အထိုင်စခန်းကို မဟာမိတ်တပ်ဖွဲ့ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကြောင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး သက်အောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါစခန်းကို စစ်ကောင်စီကပြန်လည်ရရှိရေးအတွက် ထပ်မံစေလွှတ်ခံရသည့် ဒုဗိုလ်မှူးကြီးသက်ဇော် ထွန်းသည် လတ်တလောတွင် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း DSTA နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် ဒုဗိုလ်မှူးကြီးသက်ဇော်ထွန်းသည် တပ်မတော်နည်းပညာတက္က သိုလ်၏ စိတ်ပညာဌာနမှကထိကဖြစ်ပြီး ဖမ်းဆီးခံရသည့် ဒုဗိုလ်မှူးကြီးသက်အောင်သည့် စက်မှုဆိုင်ရာဌာနမှ ကထိကတစ်ဦးဖြစ်သည်ဟု ဆိုသည်။

“အရင်က သံဘိုစခန်းကို စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်ဇော်ထွန်းထိုင်တာ။ ဇန်နဝါရီ ၂ ရက်နေ့ကမှ သူ့ကိုပြန်ခေါ် ပြီး ဗိုလ်မှူးကြီးသက်အောင်ကို လွှတ်လိုက်တာ။ ၃ ရက်နေ့ စခန်းကျတယ်ကြားတော့ ‌ဒုဗိုလ်မှူးကြီးသက်ဇော်ထွန်းကို ပြန်လွှတ်တာ။ အဲဒီမှာအဆက်အသွယ် မရတော့ဘူး”ဟု DSTA နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် နှစ်ရှည်အထိုင်ချတပ်စွဲထားပြီး စစ်ရေးအရအရေးပါသည့် အဆိုပါသံဘိုရွာစခန်း လက်လွတ်ဆုံးရှုံးရသည့်အပြင် စစ်ကြောင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးနှစ်ဦးမှာလည်း တစ်ဦးကဖမ်းဆီးခံရပြီး တစ်ဦးကပျောက်ဆုံးနေသည့်အတွက် စစ်ကောင်စီက ယင်းစခန်းပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားလျက်ရှိကြောင်း သိရသည်။

ပုံစာ- သံဘိုရွာစစ်စခန်းသိမ်းရာတွင် ဖမ်းဆီးရမိသူများနှင့် ရရှိသည့် လက်နက်ခဲယမ်းများ(ပုံဟောင်း)

#နောင်ချို #သံဘိုရွာ #စစ်ကောင်စီ #စစ်ကြောင်းမှူး #ဒုဗိုလ်မှူးကြီး #သက်ဇော်ထွန်း
#Ayeyarwaddy_Times