
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
စစ်ကောင်စီက ယခုအခါ ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများထံမှ ဝင်ငွေခွန်များကို မတရားကောက်ခံနေသည့်အတွက် စစ်အုပ်စုထံ စီးဝင်မည့် သွေးစွန်းခွန်များအား တားဆီးနိုင်ရန် ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများ စုပေါင်း၍ “ပြည်ပသို့ ပေးစာ” အမည်ရှိ တောင်းဆိုစာကို ထုတ်ပြန်ဖြန့်ဝေခဲ့သည်။
လက်ရှိ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား များမှာ ယခင်စစ်အာဏာမသိမ်းခင်အချိန်ထက် ပိုမိုများပြားလာပြီး နိုင်ငံအချို့တွင် စစ်ကောင်စီ သံရုံးများထံ ပက်စပိုစ့် သက်တမ်းရန် ဝင်ငွေခွန်ဆောင်မှ ဆက်လက် နေထိုင်ခွင့်၊ သက်တမ်းတိုးခွင့်များရသည့် အကျပ်အတည်းများရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဝင်ငွေခွန်ပေးဆောင်ခြင်း မပြုဘဲ နေထိုင်၍ရသည့် နိုင်ငံများလည်းရှိရာ ထိုနိုင်ငံများရှိ မြန်မာနိုင်ငံသားများအနေဖြင့် စစ်အုပ်စုထံစီးဝင်မည့် သွေးစွန်းခွန်များကို ပေးဆောင်ခြင်းမပြုပဲ သွေးစွန်းငွေဖြတ်တောက်ရေးတွင် အတူတကွ တိုက်ပွဲဝင်ကြရန် တောင်းဆိုစာတွင် ဖော်ပြထားသည်။
“အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် လေယာဉ်ဗုံးကြဲခြင်းတာ ကလေး အပါအဝင် လူမျိုးတုံး ကျူးလွန်မှုပေါင်းများစွာကို ကျူးလွန်ဖို့ကို အခု သွေးစွန်းခွန်တွေကနေ ငွေမြောက်မြားစွာရနိုင်မှာဖြစ်လို့ တားဆီးနိုင်ဖို့ရယ်၊ စစ်ကောင်စီရဲ့ အခွန်ကောက်ခံမှုဥပဒေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းခွန် ဖြတ်တောက် ရေးလှုပ်ရှားမှုတစ်ခုအဖြစ် ပြည်ပရောက် ပြည်သူများအနေနဲ့ တက်နိုင်တဲ့ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံမှ ပူးပေါင်းပါဝင်ပေးနိုင်ရန် ရည်ရွယ်ပြီး ဒီလှုပ်ရှားမှုကို ပြုလုပ်တာဖြစ်တယ်” ဟု သွေးခွန်တိုက်ဖြတ်ရေးလှုပ်ရှားမှု Media Team တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီက ယခုကဲ့သို့ ဝင်ငွေခွန်ကောက်ခံနေခြင်းကို သက်ဆိုင်နိုင်ငံများရှိ ဥပဒေပညာရှင်များနှင့် တိုင်ပင်ကာ ပေးဆောင်ခြင်းမပြုလုပ်နိုင်ရန်လည်း တိုင်ပင် သွားမည်ဖြစ်ပြီး သွေးစွန်းငွေများ၊ သွေးစွန်းခွန်များ စစ်ကောင်စီထံ စီးဆင်း နိုင်ခြင်း မရှိသည့် နည်းလမ်းများကိုလည်းရှာဖွေကာ ဆက်တိုက်ဖော်ပြသွားမည် ဖြစ်ကြောင်း ကို သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းခဲ့ပြီးနောက် ပြည်ပရောက်နိုင်ငံသားများထံမှ လစာဝင်ငွေအပေါ် ဝင်ငွေခွန်စည်းကြပ် ကောက်ခံခဲ့ခြင်း ဖြစ်ကာ ယခုအခါတွင် စစ်ကောင်စီသည် ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံများတွင် ဝင်ငွေခွန် စတင်ကောက်ခံနေပြီ ဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်။
#သွေးစွန်းခွန် #စစ်ကောင်စီထံပေးဆောင်ခြင်းမပြုရန် #ပြည်ပရောက်မြန်မာနိုင်ငံသား #ဝင်ငွေခွန် #Ayeyarwaddy_Times